နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတချို့အထူးအယူခံတက်မယ်


မတ်၊ ၁၅

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီလက်အောက်ခံ တရားရုံးတွေက ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ပက်သက်ပြီး တချို့အမှုတွေကို အမြင့်ဆုံးတရားရုံးတွေမှာ အထူးအယူခံတွေ ဆက်တက်ရေမှာဖြစ်တယ်လို့ တရားရေး အသိုင်းအဝိုင်းကသိရပါတယ်။

အထူးအယူခံတက်နိုင်ဖို့အတွက်အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော် အကျဉ်းထောင်တွင်းကနေ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီလကတည်းက  ရှေ့နေအဖွဲ့ကို  ကိုယ်စားလှယ်လွှဲစာတွေကို ကြားခံလူကတဆင့်ပေးခဲ့တယ်လို့ ဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက စွဲဆိုထားတဲ့အမှုတွေအနက် နောက်ဆုံးလက်ကျန် အဂတိ ၅ မှုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃၀ ရက်က ထောင်ဒဏ် ပြစ်ဒဏ်တွေချမှတ်ထားတာပါ။

နောက်ဆုံးချထားတဲ့အမှုတွေက သိပ်မကြာသေးတဲ့အတွက် အစောပိုင်းက အမိန့်ချမှတ်ခဲ့တဲ့ အမှုတွေကိုသာ အထူးအယူခံတွေတက်ရောက်တာဖြစ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတဦးကသုံးသပ်ပါတယ်။

” အထူးအယူခံဆိုတာကဒါနောက်ဆုံးအဆင့်ပဲ မူလရုံးတွေကအမိန့်ချလိုက်ရင် အယူခံအဆင့်ဆင့်တင်ရတယ်၊ အခုအမိန့်တွေချတာက ခရိုင်တရားရုံးတွေကဆိုတော့ တိုင်းဒေသကြီးတရားလွှတ်တော်တွေကို တင်ရ မယ်၊အဲဒီကပယ်ချလိုက်တယ်ဆိုမှ ပြည်ထောင်စုတရားလွှတ်တော်ကို တပါးထိုင်တင်ရတယ်၊ ဒါပြီးမှနှစ်ပါးထိုင်၊ အဲဒီကပယ်ပြီဆိုမှ အထူးအယူခံကျတော့ စုံညီခုံရုံးကိုသွားတာပေါ့၊ပြည်ထောင်စုတရားလွှတ်တော်မှာ ရှိတဲ့ တရားသူကြီးတွေအကုန်ပါတဲ့ခုံရုံးကဆုံးဖြတ်ဖို့အထူးအယူခံကိုတင်ရတာပါ ” လို့ သူကရှင်းပြပါတယ်။

အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ဒေါ်‌အောင်ဆန်းစုကြည်ကို  စစ်တပ်က အာဏာသိမ်းပြီးနောက်အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး အဲဒီအမှုတွေအတွက် ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ထားတာပါ။

အပြီးသတ်အမိန့်ချထားတဲ့ အမှုတွေအနက် အယူခံအမှုတွေရဲ့ အမှုအခြေအနေနဲ့ အထူးအယူခံကို ဘယ်နှမှုတက် မယ်ဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကို စစ်အုပ်စုက ကန့်သတ်ပိတ်ပင်တာတွေလုပ်ထားတဲ့အတွက် ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ 

” သူ(ဒေါ်အောင်ဆန်းစုကြည်) ရဲ့အခွင့်အရေးအရတော့ (အယူခံအမှုတွေကို) လက်ခံကြားနာသင့်တဲ့ ဥပဒေ အချက်အလက်တွေအများကြီးရှိတယ်” လို့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက သာမန်အရပ်ဖက်အယူခံအမှုတွေနဲ့ပက် သက်ပြီး ၉၀ ရာခိုင်နှုန်းလောက်ကို နှစ်ဖက်ကြားနားခြင်းမရှိဘဲ အကျဉ်းနည်းနဲ့ ပယ်ချတာတွေလုပ်လေ့ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေတဦးက ဆိုပါတယ်။

” အမှန်ကတော့ အယူခံဆိုတာ သူတို့(စစ်အုပ်စု)ပြောပြောနေတဲ့ ခြေဥအရကို အပြစ်ပေးခံရသူရဲ့အခွင့်အရေးပဲ၊ မူလရုံးရဲ့အမိန့်ကို အငြင်းပွားလို့ အထက်တက်လာတဲ့ ပထမအယူခံမှာတင် ပယ်ချတာတွေလုပ်နေတာ၊ဒါတွေက ဥပဒေနဲ့ ညီညွတ်မှုလည်း မရှိပါဘူး၊ ဒါကတရားရုံးတွေအပေါ်မှာက လွတ်လပ်စွာ စီရင်ပိုင်ခွင့်မရလို့ပေါ့ ” လို့သူ ကပြောပါတယ်။