နတ်ချောင်းတိုက်ပွဲမှာ စစ်အုပ်စုဘက်က ၃ယောက်သေတယ်လို့ ကလေး PDF ထုတ်ပြန်

၁၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဩဂုတ်လ ၁၂ရက်နေ့က စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်တောင်ပိုင်း ၊ နတ်ချောင်းကျေးရွာအနီး စစ်အုပ်စုတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ၃ဦးသေပြီး PDF ဘက်က တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF (ကလေး) က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုတပ်တွေဟာ ဩဂုတ်လ ၁၁ရက်နေ့ ကတည်းက ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်း ဝင်ရောက်စီးနင်းရှာဖွေပြီး ချင်းပြည်နယ်အစပ် ပန်းမွန်ချောင်းကျေးရွာမှာ တပ်စွဲ‌နေရာယူထားကြတာပါ။

အဲဒီနောက် စစ်အုပ်စုတပ်တွေဟာ သြဂုတ်လ ၁၂ ရက် မွန်းလွဲပိုင်းမှာ ပန်းမွန်ချောင်းကျေးရွာရဲ့ တောင်ဘက်ကြောတလျှောကနေတဆင့်

ချောင်းခွ နတ်ချောင်းဘက်ကို ဆင်းလာချိန် PDF (ကလေး) တပ်ဖွဲ့တွေက မွန်းလွဲ ၂ နာရီခွဲ အချိန်ကစ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ အချိန်ခန့်အထိ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သား အနည်းဆုံး ၃ ဦးကို အသေပစ်ခတ်ချေမှုန်းခဲ့ပြီး စစ်အုပ်စုဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ PDF(ကလေး) တပ်ဖွဲ့ဝင်တစ်ဦး အပေါ်ယံရှပ်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုတပ်ဖွဲ့တွေဟာ နတ်ချောင်းကျေးရွာမှာ ဆက်လက်တပ်စွဲထားရာ ထိတွေ့မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တာကြောင့် ကလေး-ဂန့်ဂေါအကြား ကားတွေ မှန်ချမောင်းနှင်သွားလာဖို့နဲ့ ဒေသခံပြည်သူတွေ လုံခြုံရေး အသိ၊ သတိရှိစွာနဲ့ နေထိုင်ကြဖို့ သတိပေးထားပါတယ်။