၇နှစ်ကြာပြီးနောက် ပေါင် ၉၈ သန်းနဲ့ တိုက်စစ်မှူးဟောင်း လူကာကူကို ချဲလ်ဆီးအသင်း ပြန်လည် ခေါ်ယူ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ ၇ နှစ်ကြာပြီးနောက်မှာ အသင်းဟောင်း ချဲလ်ဆီးအသင်းနဲ့ ပြန်လည်လက်တွဲခွင့် ရရှိခဲ့ပြီပဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ကစားသမားအတွက် ပေါင် ၉၈ သန်းအထိ အသုံးပြုခဲ့ပြီး ၂၀၂၆ ခုနှစ်အထိ ရှိစေမယ့် စာချုပ်နဲ့အတူ ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။

လူကာကူအနေနဲ့ အတိတ်က ချဲလ်ဆီးအသင်းနဲ့ ဆုံဆည်းမှုမှာ ကံမကောင်းခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ ဆိုးရွားတဲ့ အခြေအနေတွေကို ပြန်လည် ကုစားဖို့ အခွင့်အရေး ပြန်လည် ရရှိခဲ့ပြီပဲဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ တိုက်စစ်မှူးဟောင်းရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်မှုတွေကို ပြီးခဲ့တဲ့နှစ်က အင်တာမီလန်အသင်းနဲ့ ဖြတ်သန်းမှု၊ မကြာသေးခင်ကပြီးဆုံးသွားခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဘယ်လ်ဂျီယံအသင်းနဲ့ ဖြတ်သန်းမှု စတဲ့အချက်တွေမှာ အားရစရာကောင်းခဲ့တာကြောင့် ချဲလ်ဆီးအသင်းက သူတို့ရဲ့ တိုက်စစ်အတွက် လူကာကူကို ပြန်လည်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

ဒီဘယ်လ်ဂျီယံသားဟာလည်း ချဲလ်ဆီးအသင်းနဲ့ ပြန်လည် ဆုံဆည်းမှုအတွက် ကျေနပ်ဝမ်းသာနေခဲ့ပြီး ချဲလ်ဆီးအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ၇ နှစ်အကြာမှာ ရရှိခဲ့တဲ့ အတွေ့အကြုံကောင်းတွေနဲ့ အသင်းဟောင်းကို ပြန်လည် ပေးဆပ်ဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း အသိပေးပြောဆိုခဲ့ပါတယ်။

ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ လူကာကူဟာ ချဲလ်ဆီးအသင်းကိုရောက်ရှိပြီးနောက် ဝက်စ်ဘရွန်း၊ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်နဲ့ အင်တာမီလန်အသင်းတို့မှာ ဖြတ်သန်းခဲ့ပြီး အခုအခါမှာ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်လည် ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။

လူကာကူဟာ တိုးအားကောင်းပြီး ခြေစွမ်းထက်မြက်တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပေမယ့် အသက် (၂၈) နှစ်အရွယ် ရောက်လာချိန်မှာတော့ သူ့ရဲ့ ဖလားအောင်မြင်မှုဟာ အင်တာမီလန်အသင်းနဲ့ စီးရီးအေအမှတ်ပေးဖလား ရရှိခဲ့တဲ့တစ်ခုသာ လောက်လောက်လားလား ရှိခဲ့ပါတယ်။