ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်ကြောင်း ကြေညာတာဟာ နိုင်ငံရေးဘောင်ကျဉ်းစေတယ်လို့ PPSTပြော

၆၊ ဩဂုတ်လ၊ ၂၀၂၁။

ပြည်တွင်းပြည်ပက အသိအမှတ်ပြုပြီးဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပျက်ပြယ်ကြောင်း ကြေညာခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့လုပ်ရပ်ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရေး အတွက် ကြီးစွာအဟန့်အတားဖြစ်စေတယ်လို့

အပစ်ရပ်ဆယ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ဩဂုတ်လ ၅က်​နေ့က ထုတ်ပြန်လိုက်ပါတယ်။

PPST ရဲ့ အစည်းအဝေးကို ဩဂုတ် ၄ရက်နဲ့ ၅ရက်မှာ ကျင်းပပြီးတော့ အခုလိုကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

“PPST အနေနဲ့က ၂၀၂၀ ရွေးကောက်ပွဲအပြီး တစ်လလောက်ကြာတဲ့အထိ ကျွန်တော်တို့ စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီတစ်လလောက်အကြာ စောင့်ကြည့်တဲ့အခါ နိုင်ငံတကာ အသိသက်သေတွေကရော ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူတွေကရော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုအသိ အမှတ်ပြုခဲ့ကြတာပေါ့။ ဒီအပေါ်မှာမူတည်ပြီး PPST အနေနဲ့ကလည်း ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်” လို့ PPST ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပအိုင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဒါကြောင့်မို့လို့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခုလို ပယ်ဖျက်ကြောင်း ကြေညာတာဟာ နိုင်ငံရေးဘောင် ကျဉ်းသထက်ကျဉ်းပြီးတော့ စစ်ရေးဘောင် ကျယ်သထက်ကျယ်လာမှာကို စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

လတ်တလော နိုင်ငံမှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါ ကူးစက်ပြန့်နှံ့မှုအပါအဝင် အထွေထွေအကြပ် အတည်းတွေ ဖြေရှင်းနိုင်ဖို့ အတွက် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့လိုအပ်တယ်လို့လည်း ခွန်မြင့်ထွန်းက ဆိုပါတယ်။

Delta News Agency

Read Previous

ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၇)ဦးသေဆုံး

Read Next

ကြက်သွန်ဖြူစျေးမြင့်တက်လာပြီး မတ်ပဲနဲ့အာလူးစျေးကျ