မြန်မာပြည်သူ​တွေကို ကူညီဖို့ WFP ကို ဂျပန်အစိုးရက ကန်​ဒေါ်လာ (၄)သန်းလှူဒါန်း

၁၄ ၊ ​မေလ ၊ ၂၀၂၁ ။

ရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံက မိသားစု​တွေအတွက် အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ကို
ထောက်ပံ့ကူညီဖို့ ဂျပန်နိုင်ငံအစိုးရဆီက အမေရိကန်ဒေါ်လာ (၄) သန်း လှူဒါန်းမှုကို ဒီ​က​နေ့ လက်ခံရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ​ပြောပါတယ်။

ဂျပန်အစိုးရရဲ့ လှူဒါန်းပံ့ပိုးမှုနဲ့ WFP ဟာ ရန်ကုန်တိုင်းဒေသကြီးက လူဦးရေပေါင်း ၆၀၀,၀၀၀ ဝန်းကျင်ကို ကူညီထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

ထောက်ပံ့ပေးမယ့် စားနပ်ရိက္ခာ​တွေကို ထိခိုက်လွယ်တဲ့ မိသားစု​တွေလက်ထဲ တိုက်ရိုက်ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဒါဟာ WFP ရဲ့ စီမံကိန်းသစ်အရ မြန်မာနိုင်ငံ မြို့ပြဒေသ​တွေက ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံး မြို့နယ်​တွေမှာနေထိုင်သူ လူဦးရေ (၂) သန်း အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးမည့်အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။

စားနပ်ရိက္ခာ အထောက်အပံ့​တွေကို မေလ (၁၃) ရက်​နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာ စတင် ဖြန့်ဖြူးပေး​နေပြီလို့လည်း သိရပါတယ်။

“မြန်မာနိုင်ငံမှာ ဆာလောင်ငတ်မွတ်မှုကိုဖြေရှင်းဖို့ ဆောင်ရွက်နေတဲ့ WFP ရဲ့ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်မှုတွေကို ဂျပန်နိုင်ငံအစိုးရအနေနဲ့ အားပေးထောက်ခံပါတယ်။ WFP ရဲ့ ကနဦးဆောင်ရွက်မှုကြောင့် ဂျပန်ပြည်သူလူထုထံက အကူအညီဟာ မြန်မာ့မြို့ပြဆင်းရဲနွမ်းပါးတဲ့ဒေသတွေက အထိခိုက်လွယ်ဆုံး ဒေသခံပြည်သူတွေထံကို တိုက်ရိုက်ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအစိုးရနဲ့ ဂျပန်ပြည်သူပြည်သားတွေဟာ မြန်မာပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီး H.E. Mr Maruyama Ichiro က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နဂိုရှိရင်းစွဲ ဆင်းရဲနွမ်းပါးမှု၊ COVID-19 ကပ်ရောဂါနှင့် လက်ရှိနိုင်ငံရေးအကျပ်အတည်း​တွေရဲ့ ဆင့်ကဲရိုက်ခတ်မှုကြောင့် လာမယ့်ခြောက်လအတွင်း လူဦးရေ (၃.၄) သန်း အဓိကအားဖြင့် မြို့ပြဒေသများ၌ နေထိုင်ကြသူ​တွေဟာ ဆာလောင်ငတ်မွတ်မှုကို ရင်ဆိုင်ကြရလိမ့်မယ်လို့ WFP က ခန့်မှန်းထားပါတယ်။

ကချင်၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်​တွေမှာ ပဋိပက္ခဘေးကြောင့် နေရပ်စွန့်ခွာရသူ​တွေအတွက် WFP က ဆက်လက် ပေးအပ်​နေတဲ့ စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့​တွေအတွက် ဂျပန်နိုင်ငံက အခုနှစ်အစောပိုင်း ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ (၄.၇) သန်း၊ မတ်လမှာ အမေရိကန်ဒေါ်လာ (၃) သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ (၇.၇) သန်း ပံ့ပိုးကူညီခဲ့ပါတယ်လို့ WFP ရဲ့ စာရင်း​တွေအရ သိ
ရပါတယ်။

Ref – WFP