DVB သတင်းသမားတွေအမှု ရုံးချိန်းရွေ့ဆိုင်းခံရ

တရားမဝင် နိုင်ငံဖြတ်ကျော်မှုနဲ့ တရားစွဲခံထားရတဲ့ DVB သတင်းသမား ၃ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၂ဦးရဲ့ အမှုကို ချင်းမိုင်ဒေသန္တရတရားရုံးက ရုံးချိန်းရွေ့ဆိုင်းလိုက်တယ်လို့သိရပါတယ်။

သူတို့ဟာ မတ်လ ၉ရက်နေ့က ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ က ရုတ်တရက်ရှာဖွေစစ်ဆေးမှုအတွင်း ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံ သတင်းသမားတွေဘက်က အမှုလိုက်ပေးမယ့် ရှေ့နေမရသေးတာကြောင့် ရုံးချိန်းရွေ့ဆိုင်းဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာဖြစ်ပြီး ရှေ့နေမရခင်အချိန်ထိ သူတို့ကို ရဲစခန်းတစ်ခုမှာ ယာယီထိန်းသိမ်းထားတယ်လို့ လူ့အခွင့်အရေးဆိုင်ရာရှေ့နေ Sumitchai Hattasan က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်အုပ်စုက DVB သတင်းဌာနကို လုပ်ငန်းလိုင်းစင်ပိတ်သိမ်းလိုက်ချိန်ကစလို့ မေလ ၈ရက်နေ့အထိ သူတို့ဟာ သတင်းအလုပ်ဆက်လက်လုပ်ကိုင်နေသူတွေ ဖြစ်ပြီး မြန်မာနိုင်ငံ ပြန်ပို့ခံရပါက အန္တရာယ်ရှိတာကြောင့် နေရပ်ပြန်မပို့ဖို့ ထိုင်းအာဏာပိုင်တွေကို DVB သတင်းဌာနက တောင်းဆိုထားပါတယ်။

ဒါ့အပြင် Foreign Correspondents’ Club of Thailand (FCCT) ၊ Human Rights Watch နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ စတဲ့အဖွဲ့အစည်းတွေကလည်း ထိုင်းအစိုးရအနေနဲ့ သူတို့ကို နေရပ်ပြန်မပို့ရေး ဖိအားပေးနေကြတာပါ။

လက်ရှိမှာ သူတို့ ၅ဦးဟာ ၁၉၇၉ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ တရားစွဲခံထားရတာဖြစ်ပြီး ပြစ်မှုထင်ရှားပါက မူလနိုင်ငံကို ပြန်ပို့တာ ဒါမှမဟုတ် ဒဏ်ငွေထိုင်းဘတ်ငွေ ၂၀,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ်၂နှစ် ကျခံရနိုင်ပါတယ်။

Ref : Prachatai