မြန်မာပြည်သူ​တွေကို ကူညီဖို့ ရန်ပုံငွေ ဒေါ်လာ ၈၆သန်း ရရှိရေး ကြိုးပမ်းနေတယ်လို့ WFP ထုတ်ပြန်

၁၂၊ ဩဂုတ်လ၊ ၂၀၂၁။

မြန်မာနိုင်ငံမှာ လုပ်​ဆောင်​နေတဲ့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ရဲ့ ကယ်ဆယ်ရေးလုပ်ငန်း‌တွေကို ဆက်လည်ပတ်နိုင်ဖို့ အခုလကစပြီး လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ကြားကာလ အရေးပေါ် ရန်ပုံငွေလိုအပ်ချက် အမေရိကန်ဒေါ်လာ (၈၆) သန်းရရှိဖို့ ကြိုးပမ်း​နေတယ်လို့ WFP က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်ရဲ့ ပထမ ခုနှစ်လအတွင်းမှာ WFP ဟာ မြို့ပြဒေသတွေနဲ့ ကျေးလက်ဒေသ‌တွေကမြန်မာပြည်သူ ၁ ဒဿမ ၂၅ သန်းအတွက် စားနပ်ရိက္ခာ၊ ငွေသားနဲ့ အာဟာရ အထောက်အပံ့ တွေကို ပေးအပ်ထောက်ပံ့နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

WFPဟာ မြို့ပြစားနပ်ရိက္ခာ အ‌ထောက်အပံ့စီမံချက်တစ်ခုကို မေလက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ဒီနေ့အချိန်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်‌တွေကထိခိုက်လွယ်သူ လူဦးရေပေါင်း ၆၅၀,၀၀၀ အထိ တိုက်ရိုက်ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီဖြစ်တယ်လို့‌သိရပါတယ်။

ဒီလိုကူညီပံ့ပိုးတဲ့အခါ မိခင်တွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကြာသေးခင်က နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေမငြိမ်သက်မှုတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရသူ ၁၇,၅၀၀ ဦးကိုလည်း ထောက်ပံ့ကူညီခဲ့ပြီး သြဂုတ်လအတွင်းမှာ တိုးချဲ့ကူညီသွားဖို့ ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။