အွန်လိုင်းနဲ့ ဈေးကွက်တွေမှာ ရောင်းချနေတဲ့ မှတ်ပုံတင်မဲ့ တိုင်းရင်းဆေးဝါးအတုတွေရဲ့ အန္တရာယ် 

အွန်လိုင်းနဲ့ ဈေးကွက်တွေမှာ ရောင်းချနေတဲ့ မှတ်ပုံတင်မဲ့ တိုင်းရင်းဆေးဝါးအတုတွေရဲ့ အန္တရာယ် 

၂၀၂၆   ခုနှစ်၊   စက်တင်ဘာလ    ၁၅    ရက်

(Prebunking Fact Check)  DNA/The Red Flag/ MFCN

တိုင်းရင်းဆေးဆိုတာ ဆေးဖက်ဝင်သဘာဝ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်တွေနဲ့ဖော်စပ်ထားလို့ လူသားတွေ အတွက် အန္တရာယ်ကင်းတာ မှန်ပေမဲ့ တိုင်းရင်းဆေးစစ်စစ်တွေရဲ့သဘောက ရောဂါတွေကို သဘာဝအတိုင်း တဖြည်းဖြည်းချင်း ပျောက်ကင်းအောင် ကုသပေးနိုင်မှုသာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အစစအရာရာ ကြပ်တည်းနေတဲ့ ဒီနေ့ခေတ်ကာလမှာတော့ ငွေကြေးနည်းနည်းနဲ့ ဈေးကွက်တွေ ထဲမှာ ရောင်းနေတဲ့ မှတ်ပုံတင်မဲ့ တိုင်းရင်းဆေးဝါးတွေမှာ တရားမဝင် ဓာတုဆေးတွေကို ရောစပ်ထည့်သွင်း ရောင်းချနေတဲ့အတွက် ရေရှည်သောက်သုံးမိသူတွေမှာ ကျောက်ကပ်၊ အသည်း၊ နှလုံးနဲ့အစာအိမ်စတဲ့ ရောဂါတွေဖြစ်ပွားစေပြီး အသက်အန္တရာယ်ကိုထိခိုက်စေတဲ့အထိ ဖြစ်ပေါ် နေတာကို တွေ့ရှိရပါတယ်။ 

 

🍁 မှတ်ပုံတင်မဲ့ တိုင်းရင်းဆေးအတုတွေရဲ့ ဘေးအန္တရာယ် 

“တိုင်းရင်းဆေးဆိုတာ သဘာဝအပင်တွေ၊ အမြစ်တွေနဲ့ လုပ်ထားတာမို့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ သောက်ရတာ စိတ်ချရတယ်” ဆိုတဲ့ အတွေးမျိုး သင့်မှာ ရှိပါသလား။ ရှိခဲ့ရင်တော့ အဲဒီအတွေးကို အမြန် ဆုံး ပြောင်းလဲပစ်ဖို့ အချိန်တန်နေပါပြီ။ ဒီနေ့ ခေတ်မှာ ကျန်းမာရေးဗဟုသုတ နည်းပါးမှုကို အခွင့်ကောင်း ယူပြီး အွန်လိုင်းနဲ့ ဈေးကွက်တွေအတွင်းမှာ “မှတ်ပုံတင်မဲ့ တိုင်းရင်းဆေးဝါးအတုများ” ကို တွင်တွင် ကျယ် ကျယ် ရောင်းချနေကြလို့ လူအများစုက မိမိတို့ကျန်းမာရေး ကောင်းမွန်ဖို့ ရည်ရွယ်ဝယ်ယူသောက်သုံးရင်း သတိမမူမိကြပဲ နောက်ဆက်တွဲ ရောဂါဆိုးတွေကို ပိုက်ဆံပေးပြီး ဝယ်ယူနေရသလို ဖြစ်နေကြပါတယ်။ 

 

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ဓာတုဆေးဝါးတွေ တရားမဝင်ရောစပ်ထားခြင်းနဲ့ စံမမှီခြင်းတို့ကြောင့် အများပြည်သူ လုံးဝ မသုံးစွဲရန် တရားဝင် ပိတ်ပင်တားမြစ်ထားတဲ့ ဆေးဝါးဥပမာအချို့ မှာ –

  • အဆစ်အမြစ် ကိုက်ခဲပျောက်ဆေးအတုများ- ကြော်ငြာအမျိုးမျိုးနဲ့ လေဖြတ်၊ လေဖြန်း၊ အဆစ် အမြစ်ကိုက်ခဲခြင်းများအတွက်ဟုဆိုကာ အမှုန့် သို့မဟုတ် ဆေးပြားပုံစံနဲ့ ရောင်းချလေ့ရှိတဲ့ မှတ်ပုံတင်မဲ့ လေငန်းဆေးများနဲ့ စပ်ဆေးများ။
  • လိုင်စင်မဲ့ လိင်စိတ်ကြွ တိုင်းရင်းဆေးဝါးများ- အမျိုးသားစွမ်းဆောင်ရည်တက်ဆေးလို့ အွန်လိုင်းမှာ အလွန်အကျွံကြော်ငြာကာ အနောက်တိုင်းဓာတုဆေး(ဥပမာ – Sildenafil)တွေ တရားမဝင် ရောစပ် ထားလို့ နှလုံးရပ်တန့်မှုကို ဖြစ်စေနိုင်တဲ့ တရားမဝင်ဆေးဝါးများ (ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် ဆေးအမျိုးအစားများ)။
  • ဖေ့စ်ဘွတ်ခ်ပေါ်မှ မှတ်ပုံတင်မဲ့ အရည်/အမှုန့်ဆေးများ- လိပ်စာတိကျစွာမပါဘဲ အသားအရေလှပ စေရန်၊ ကိုယ်အလေးချိန်ကျစေရန် သို့မဟုတ် ရောဂါပေါင်းစုံပျောက်ကင်းစေရန်ဆိုကာ အွန်လိုင်း မှာ တရားမဝင် ရောင်းချနေတဲ့ တိုင်းရင်းဆေးအမည်ခံ ဆေးဝါးအတုများ။

 

🍁 ချက်ချင်းပျောက်သည့် ဆေးစွမ်းကောင်းနောက်ကွယ်က အန္တရာယ်

အဆစ်အမြစ်ကိုက်ခဲသူများ၊ လေဖြတ်ဝေဒနာရှင်များနဲ့ နာတာရှည်ရောဂါ ခံစားနေရသူများ အဓိက ကြုံတွေ့ရလေ့ရှိသည်မှာ လိပ်စာအတိအကျမရှိ၊ မှတ်ပုံတင်ထားခြင်းလည်းမရှိဘဲ “တထုပ်သောက်ရုံနဲ့ ချက်ချင်းသက်သာ၊ တဗူးသောက်ရုံနဲ့ အမြစ်ပြတ်ပျောက်ကင်း” ဆိုတဲ့ လွန်ကဲသော ကြော်ငြာတွေ၊ ၉၆ ပါးထက်ပိုတဲ့ရောဂါတွေ ပျောက်တယ်ဆိုပြီး ကြော်ငြာရေးသားထားချက်တွေဖြစ်ပါတယ်။

 

အမှန်စင်စစ် ဒီလို လျှင်မြန်စွာ သက်သာသွားခြင်းမှာ သဘာဝဆေးဖက်ဝင်အပင်များကြောင့် မဟုတ်ဘဲ၊ ဆေးအတုထုတ်လုပ်သူတွေက တရားမဝင်ထည့်သွင်းထားတဲ့ စတီးရွိုက်(Steroid) ဆေးပြင်းတွေနဲ့ အကိုက် အခဲပျောက်ဆေး (NSAIDs)တွေကြောင့်သာ ဖြစ်ပါတယ်။ အဲဒီဓာတုဆေးတွေကို စနစ်တကျမဟုတ်ဘဲ အလွန်အကျွံ ထည့်သွင်းထားတဲ့အတွက် သောက်လျှင်သောက်ချင်း သက်သာသလို ခံစားရသော်လည်း ရေရှည်မှာ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းတွေကို  တိတ်တဆိတ် ဖျက်ဆီးပစ်နေတာဖြစ်ပါတယ်။

 

တိုင်းရင်းဆေးအတုအပများနဲ့စံမမှီသော ဆေးဝါးတွေဟာ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ကြီးမားပြီး  အသက်အန္တရာယ်အထိ ထိခိုက်နိုင်ပါတယ်။ လူနာတွေအနေနဲ့ သဘာဝဆေးလို့ ယုံကြည်ကာ တိုင်းရင်းဆေး အတုတွေကို သောက်သုံးမိတဲ့အတွက် စတီးရွိုက် (Steroid) ဆေးဝါးတွေ၊ အကိုက်အခဲပျောက်ဆေးပြင်း (NSAIDs)တွေကြောင့် ရေရှည်မှာ ကျောက်ကပ်ပျက်စီးခြင်း၊ အသည်းရောင်ခြင်း/အသည်းပျက်စီးခြင်း နဲ့ အစာအိမ်သွေးယိုစီးခြင်းများ ဖြစ်ပွားနိုင်ပါတယ်။

 

ဆေးဝါးတွေကို စနစ်တကျ သန့်ရှင်းစွာ မထုတ်လုပ်ထားတာနဲ့ မစစ်ဆေးထားမှုတွေကြောင့် ခန္ဓာကိုယ် အတွင်း ပိုးဝင်ခြင်းနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်စေနိုင်ပါတယ်။ ဒါအပြင် အစွမ်းထက်တဲ့ ဆေး စစ်စစ်တွေ မဟုတ်လို့ အချိန်မီ ကုသရမည့်ရောဂါများ (ဥပမာ – ကင်ဆာ၊ ဆီးချို၊ သွေးတိုး) ပိုမိုကျွမ်းလာပြီး အသက်အန္တရာယ်ကြုံတွေ့ရနိုင်တဲ့အထိ နောက်ဆက်တွဲ ဆိုးကျိုးများစွာကို ခံစားရမှာဖြစ်ပါတယ်။

 

🍁 ကျန်းမာရေးပညာရှင်တွေရဲ့ တိုင်းရင်းဆေးအတု  အကြောင်းပညာပေးမှုများ

“ဒက်ဆာမီသာဇုန်း (Dexamethasone)တွေ ကြိတ်ထောင်းပြီး ဆေးပြားပုံသဏ္ဍာန်ကနေ လုံးလုံး ရှည်ရှည် တိုင်းရင်းဆေးတောင့်လိုလို ပုံစံပြောင်းလိုက်တယ်။  ဆရာတော်ဘုရား ဆေးတော်ကြီး ဆိုပြီး တိုးတိုး တိတ် တိတ် ဈေးကွက်တင်လိုက်တယ်။ ကူကယ်ရာမဲ့လူထုဟာ ကျန်းမာရေးဗဟုသုတလည်းမရှိ ဆင်ခြင်နိုင်စွမ်း လည်း မရှိတာကြောင့် သူများက ကောင်းတယ်ဆိုတိုင်း ငါ့အတွက်ရော ဝယ်ခဲ့ဆိုပြီး ၉၆ ပါး ရောဂါအတွက် သောက်နေကြပါတယ်။

ဒက်ဆာသဘောက ဘာရောဂါဖြစ်ဖြစ် ရုတ်ချည်း သက်သာသွားသလို ခံစားရတယ်။ ဒါပေမယ့် တကယ် ပျောက်ကင်းတာမဟုတ် ယာယီဝေဒနာကို ဖုံးကွယ်ပေးလိုက်တာ ဖြစ်တယ်။ ရေရှည်မှာ အသည်း၊ ကျောက် ကပ်၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပျက်ဆီးစေမှာ အသေအချာပါ။ ဆရာဝန်တွေက ဒါ ဂျင်းတွေပါ၊ ဒက်ဆာသောက်ရင်ဘယ်လိုဆိုးကျိုးတွေရှိပါတယ်လို့ပြောနေတဲ့ ပို့စ်အောက်မှာသူတို့သောက်တာ သက်သာ ကြောင်းဆိုပြီး လာမန့်နေကြတာတွေရှိပါတယ်။

ဒက်ဆာအပါအဝင် စတီးရွိုက်(Steroid)ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သောက်သုံးခြင်း၊ အချိန် ကြာမြင့်စွာ ရေရှည်စွဲသောက်ခြင်းတွေကြောင့် ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တဲ့ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲခြင်းနဲ့ ဝလာခြင်း၊ ကိုယ်ခံအားစနစ် ထိခိုက်ခြင်း၊ အရိုးနဲ့ ကြွက်သားဆိုင်ရာ ပြဿနာများ၊ ဟော်မုန်းနဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ပြဿနာများ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ စိတ်ကျန်းမာရေးနဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာများ၊ သိုင်းရွိုက်နဲ့ အက်ဒရီနယ်ဂလင်းများ အလုပ်မလုပ်တော့ခြင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။

ဆရာဝန် ညွှန်ကြားတာလည်းမဟုတ်၊ တိုင်းရင်းဆေး စစ်စစ်လည်းမဟုတ်၊ ဒက်ဆာ ဆေးပြားတွေကို အမှုန့် ထောင်း ပုံပြောင်းထားတဲ့ လုပ်စား ဆေးဝါးအတုအယောင်များကို အဆင်ခြင်မဲ့စွာ မသောက်သုံးကြဖို့ အရေးကြီးပါတယ်လို့ လူမှုကွန်ရက်မှာ တရားမဝင်တိုင်းရင်းဆေးတွေကို မသောက်သုံးသင့်တဲ့ အကြောင်း အသိပေးရေးသားမှုပြုလုပ်နေတာကို တွေ့ရပါတယ်။

Aungmyin Htoo FB- https://h1.nu/1DNyN   

ဖျားနာကိုက်ခဲနေလို့၊ ခါးလေးနာလို့၊ ခေါင်းလေးကိုက်လို့ ဆေးဆိုင်မှာ ဆေးစပ်သောက်လိုက်တာ၊ ဗမာ ဆေးထုပ်၊ ဆရာတော်ကြီး ဆေးကို တခွက်သောက်လိုက်တာ ချက်ချင်းပျောက်သွားတာပဲ” ဆိုတဲ့ လူတွေ အတွက် စပ်ဆေးတွေမှာ ဘာတွေပါလေ့ရှိလဲဆိုရင် (ဥပမာ – Ibuprofen, Diclofenac, piroxicam စတာ တွေ၊ (Dexamethasone, Prednisone)ကဲ့သို့သော Steroids ဆေးတွေပါဝင်တာကို တွေ့ရပါတယ်။

ဒီဆေးတွေဟာ သောက်ပြီးတာနဲ့ ချက်ချင်းကိုက်ခဲနာကျင်တာတွေကို ယူပစ်သလို ပျောက်ကင်းစေတယ်။ 

ဆေးသောက်ပြီးတာနဲ့ မနာမကျင်တော့ဘဲ လမ်းကောင်းကောင်းလျှောက်နိုင်တယ်၊ နေလို့ကောင်းသွားတယ် ဆိုတာမျိုး ခံစားရပါလိမ့်မယ်။ ဒါပေမယ့် ရေရှည်မှာဆိုရင် သင့်ကျောက်ကပ်နဲ့အစာအိမ်ကို ဒုက္ခလှလှ ကြုံတွေ့စေပါလိမ့်မယ်ဆိုပြီး ဗမာဆေးအမည်ခံ အကြောပြေဆေး နဲ့  “စပ်ဆေး”အန္တရာယ် “ ဆိုကာ Dr. Ye ကနေ လူမှုကွန်ရက်ကနေ ပညာပေးရေးသားထားတာကို တွေ့ရပါတယ်။

Dr. Ye FB- https://h1.nu/1x-ps  

ဒါအပြင် ဒက်ဆာ Dexamethasone တွေကို ထောင်းပြီး အလုံးရှည်ရှည်အဖြစ် ပြောင်းကာ တိုင်းရင်းဆေး ပုံစံရောင်းနေလို့ ဆေးလို့တောင် ပြောလို့မရတဲ့ အန္တရာယ်တွေဖြစ်တဲ့အတွက် မသောက်သုံးသင့်ဘူး လို့ ဒေါက်တာ ဆုရတနာဝင်း က ပညာပေးပြောကြားထားတာကို တွေ့ရပါ တယ်။ 

Dr Su Yadanar Win(atk0510)- https://h1.nu/1y1P- 

 

🍁 ထိုင်းနိုင်ငံကလဲ မြန်မာတိုင်းရင်းဆေးအတုတွေမသောက်ဖို့  ကြော်ငြာချက်ထုတ်ပြန်ခဲ့

ထိုင်းနိုင်ငံအစိုးရနဲ့စားသုံးသူရေးရာဌာနတို့ကလဲ “ မြန်မာဘာသာနဲ့ အညွှန်းရေးထားပြီး မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေများစွာ ရောင်းချနေသည်ကို တွေ့ရှိရပြီး ၎င်းဆေးဝါးတွေရဲ့ အဓိကပါဝင်ပစ္စည်းတွေကို မသိရှိရ သေးဘဲ စတီးရွိုက်(steroids) ပါဝင်နေနိုင်ခြေရှိကာ သောက်သုံးမိပါက ကျောက်ကပ်ပျက်စီးခြင်းနဲ့ အသက် ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။

မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေကို တရားမဝင် ရောင်းချခြင်းအတွက် ဘတ်ငွေ ၅,၀၀၀ ထက်မပိုသော ငွေဒဏ်နှင့် ထောင်ဒဏ် ၅ နှစ်ထက်မပိုသော ပြစ်ဒဏ်၊ “ဆေးဝါးအစုံအလင် (drug kits)” တွေကို ရောင်းချ ရင် ဘတ်ငွေ ၁၀,၀၀၀ ထက်မပိုသော ငွေဒဏ်နှင့်/သို့မဟုတ် ထောင်ဒဏ် ၅ နှစ်ထက်မပိုသော ပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။

မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေကို တရားမဝင်ရောင်းချနေတာကို တွေ့ရှိပါက FDA ၏ အရေးပေါ် ဖုန်း လိုင်း(1556)သို့ချက်ချင်းအကြောင်းကြားခြင်း၊ဒေသတွင်းရှိပြည်သူ့ကျန်းမာရေးရုံးသို့ ဆက်သွယ်အကြောင်း ကြားခြင်းတို့ကို ပြုလုပ်ပေးပါရန်နဲ့ ဆေးဝါးတွေကို လိုင်စင်ရ ဆေးဆိုင်များမှသာ ဝယ်ယူရန်၊ အသုံးမပြုမီ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင် (pharmacist) နဲ့ တိုင်ပင်ဆွေးနွေးရန် အကြံပြုထားပါတယ်။

Khaosod – https://archive.ph/r7Rfi 

FDA Chiangmai- https://h1.nu/1x-g7  

Chiang Mai News- https://h1.nu/1x-g9  

 

🍁 တိုင်းရင်းဆေးတွေမဝယ်ယူခင် ဒါတွေကို အရင်စစ်ဆေးပါ 

တိုင်းရင်းဆေးပညာဦးစီးဌာနက မှတ်ပုံတင်ခွင့်ပြုချက်ရရှိထားတဲ့ ဆေးဝါးတွေနဲ့ ဆေးဗူးတွေမှာ အောက်ပါ အခြေခံသတ်မှတ်ချက် (၁၀)ချက် ပါဝင်ပါတယ်-

(၁) အမှတ်တံဆိပ်

(၂) ဆေးအမည်

(၃) ဆေးတဖုံတွင်ပါဝင်သော ဆေးပစ္စည်းများ

(၄) သုံးစွဲနိုင်သောရောဂါများ/ ရရှိနိုင်သော အကျိုးကျေးဇူးများ

(၅) သုံးစွဲရန်ဆေး ပမာဏ

(၆) တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်- TMR 0………(0123) etc.

Traditional Medicine Registration-TMR မှာ ဂဏန်း ၆ လုံးပါရှိရမှာဖြစ်ပြီး နောက် ကွင်းအတွင်းမှာ ( သက်တမ်းကုန်မဲ့လ- သက်တမ်းကုန်မဲ့ခုနှစ် ဂဏန်း ၄ လုံး)ဖော်ပြထား

(၇) ထုတ်လုပ်သည့်ရက်- MFD

(၈) ကုန်ဆုံးရက်- EXP

(၉) ထုတ်လုပ်မှုအပတ်စဉ်- lot…/ LoT  No….(or) LOT….(or)LOT No…

(၁၀) ပင်ရင်းလိပ်စာ

အထက်ပါအချက်များအပြင် လိုအပ်ပါက သုံးစွဲရန် မသင့်သောပုဂ္ဂိုလ်၊ သုံးစွဲရန် မသင့်သောအခြေအနေ၊ သတိပြုရန်အချက် စသည်တို့ ဖော်ပြပါရှိတာဖြစ်လို့ ပါမပါ အရင်စစ်ဆေးပြီးမှ ဝယ်ယူရမှာဖြစ်ပါတယ်။ 

 

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (Department of Traditional Medicine) ကနေ တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးစာရင်းများနဲ့ သုံးစွဲရန်မသင့်တဲ့ ဆေးဝါးကြေညာချက်များ၊ အသစ်ခွင့် ပြုထားတဲ့ ဆေးဝါးစာရင်းများ၊ တိုင်းရင်းဆေးနဲ့ပတ်သက်တဲ့သတင်းတွေကို တိုင်းရင်းဆေးပညာ ဦးစီးဌာန ဝဘ်ဆိုဒ်မှာ ဝင်ရောက်စစ်ဆေးကြည့်ရှုနိုင်တယ်။ 

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန – https://www.dtm.gov.mm/  


“တိုင်းရင်းဆေးစစ်စစ်ဟာ ရောဂါဝေဒနာကို သဘာဝအတိုင်း ဖြည်းဖြည်းချင်း ကုသပေးတာ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း ချက်ချင်းလက်ငင်း ရောဂါပျောက်ကင်းသွားစေရမယ်ဆိုတာ တိုင်းရင်းဆေးရဲ့ သဘော သဘာဝ မဟုတ်ပါဘူး။ အဲဒီလို ချက်ချင်းသက်သာစေဖို့အတွက် အနောက်တိုင်း ဓာတုဆေးပြင်းတွေကို တရားမဝင် ရောစပ်ထားတဲ့ ဆေးအတုတွေကို သောက်မိရင် ကျောက်ကပ်နဲ့ အသည်းကို အချိန်တိုအတွင်း ပျက်စီးစေနိုင်လို့ အထူးသတိပြုကြဖို့ လိုပါတယ်” လို့ တိုင်းရင်းဆေးဆရာတွေက သတိပေးပြောကြားထား ပါတယ်။ 

 

ကျန်းမာခြင်းသည် လာဘ်တပါး ဖြစ်ပေမဲ့ မှားယွင်းတဲ့ ဆေးဝါးအတုတွေကို သောက်သုံးမိရင် မိမိလက်နဲ့ မိမိကိုယ်ကို အဆိပ်ခတ်နေသလိုဖြစ်သွားပါမယ်။ ဒါကြောင့် တိုင်းရင်းဆေးဝါးတွေကို ဝယ်ယူသုံးစွဲရာမှာ ဈေးနှုန်းသက်သာမှု၊ လွယ်ကူမြန်ဆန်မှုကို မကြည့်ဘဲ တရားဝင် အသိအမှတ်ပြုမှတ်ပုံတင်ထားတဲ့ ဆေးဝါး တွေကိုသာ စနစ်တကျ ရွေးချယ်ဝယ်ယူခြင်းဖြင့်”ငွေကုန်ပြီး ရောဂါဝယ်ယူမိသူ” အဖြစ်မှ ကာကွယ်နိုင်ကြ မှာဖြစ်ပါတယ်။