ပုသိမ်မြို့ရဲ့ ဒေါက်တာစစ်တင်ကွယ်လွန်

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။

“ကျွန်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်”ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခရီးကြမ်း တစ်ပိုင်းတစ်စကို မှတ်တမ်းတင်ရေးသားခဲ့သူ ဒေါက်တာစစ်တင်ဟာ ဒီကနေ့ ဩဂုတ်လ ၁၀ရက်နေ့ နံနက်ပိုင်းမှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ ဒေါက်တာစစ်တင်ရဲ့ မိတ်ဆွေတွေထံက သိရပါတယ်။

ဒေါက်တာစစ်တင်ဟာ ၁၉၉၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်ကနေ ၁၉၉၅ခုနှစ်အထိ ငပုတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။

 

ပုသိမ်မြို့မှာ နေထိုင်ပြီး ကိုဗစ်ဒုတိယလှိုင်းအတွင်းမှာ ပုသိမ်မြို့ လူထုအခြေပြုဖျားနာကုသရေး ဆေးခန်းမှာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ကာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူမှုကို လက်မခံခဲ့တာကြောင့် ၅၀၅နဲ့ အမှုဖွင့်ခံထားရသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒေါက်တာစစ်တင်ဟာ ဒေါက်တာစစ်တင်(GP)အမည်နဲ့ စာအုပ်များစွာကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။