ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင် ကွယ်လွန်

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။

ဝေးလံခေါင်ဖျားတဲ့ နာဂတောင်တန်းဒေသမှာ ခြောက်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး နာဂသိန်းလှိုင်လို့ နာမည်ကျော်ကြားတဲ့ ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင်ဟာ ဩဂုတ်လ ၁၀ရက်နေ့ နံနက် ၉နာရီ ၁၅မိနစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
ဆရာကြီး နာဂသိန်းလှိုင်ဟာ ၁၉၆၅ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ နာဂဒေသမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသမှာ အဖြစ်များတဲ့ လည်ပင်းကြီးရောဂါသည်တွေကို မေ့ဆေးမရှိ ထုံဆေးသက်သက်နဲ့ မပြည့်စုံတဲ့ ဆေးဝါးပစ္စည်းတွေကို အသုံးပြုပြီး အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာကြီး နာဂသိန်းလှိုင်ဟာ ၁၉၅၇ခုနှစ်မှာ ဆေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၆၀ခုနှစ်မှာ မြန်မာနိုင်ငံလူငယ်ဆရာဝန်များအသင်း (YDA)ကို တည်ထောင်ကာ အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ပြီး အလုပ်သင်ဆရာဝန်ဘဝမှာ အစိုးရထောက်ပံ့ကြေးမရတဲ့ အလုပ်သင်ဆရာဝန်တွေအတွက် ဦးဆောင်သပိမ်မှောက်ခဲ့သူလည်းဖြစ်ပါတယ်။

၁၉၈၈ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ထိုအချိန်က နိုင်ငံရေးအခြေအနေတွေမှာ ဘာပင်စင် ခံစားခွင့်မှကို လက်မခံဘဲ အစိုးရအလုပ်ကနေ နှုတ်ထွက်ခဲ့သူလည်းဖြစ်ပြီး လက်ရှိ CDMလှုပ်ရှားမှုတွေကို ထောက်ခံခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
ဝန်ထမ်းဘဝကနေ အငြိမ်းစားယူပြီးနောက် ဖြူးမြို့နယ်၊ ပုသိမ်မြို့နယ်၊ နမ့်ခမြို့နယ်၊ မန္တလေးမြို့နယ်၊ သာယာဝတီမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ တောင်ကြီးမြို့နယ်နဲ့ ရန်ကုန်မြို့တို့မှာ လူနာတွေကို ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။
မွန်ပြည်နယ် သထုံမြို့မှာ မွေးဖွားခဲ့တဲ့ ဆရာကြီး နာဂသိန်းလှိုင်ဟာ ရွှေဓားဗိုလ်၊ နတ်ဆရာဝန်၊ နာဂနတ်၊ နာဂသိန်းလှိုင်ဆိုတဲ့ ကလောင်အမည်တွေနဲ့ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။

ဆရာကြီးနာဂသိန်းလှိုင်ရဲ့ နာဂတောင်တန်းဒေသမှာ တာဝန်ထမ်းဆောင်ခဲ့မှုအပါအဝင် ဘဝဇာတ်ကြောင်းကို စာရေးဆရာညီပုလေးက ‘ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက်’ ဆိုတဲ့အမည်နဲ့ လုံးချင်းရေးသားခဲ့ပြီး အဲဒီစာအုပ်ဟာလည်း အရောင်းရဆုံးစာရင်းဝင်ဖြစ်ခဲ့သလို ၂၀၁၆ အတွက် အမျိုးသား စာပေဆုကိုရရှိခဲ့ပါတယ်။