မော်ကျွန်းမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်း ၊ မော်ကျွန်းမြို့နယ်၊ ချမ်းမြေ့(၁၃)ရပ်ကွပ်က မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် ကိုခင်မောင်ကြည်ကို ဒီနေ့ ညနေ (၄)နာရီ ခွဲလောက်မှာ သေနတ်နဲ့ လာပစ်သွားတဲ့အတွက် လည်ပင်း ထုတ်ချင်းပေါက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကိုခင်မောင်ကြည်က အရင်တုန်းကတော့ ရပ်ကွက်အဆင့်ပြည်သူ့စစ်လောက်ပါ။ အခု အသစ်လိုက်ဖွဲ့တဲ့ အဖွဲ့မှာ သူကမြို့နယ်မှာ အကြီးဆုံးရာထူး ရထားတာ။ ပျူစောထီးအကြီးပေါ့။
သင်တန်းတက်လိုက်ပြီးမှ သေနတ်တွေဘာတွေ သူတို့ကိုင်နေကြရတယ်လို့ ကြားတော့ကြားတယ် ။ အခုတော့ ဟိုက လာပြီး တေ့ဖြုတ်တာ။ တချက်ထဲ လည်ပင်းထုတ်ချင်းပေါက်သေရတာ”လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူ ကိုခင်မောင်ကြည်ကို ဆဝါရီလဘ္ဘက်ရည်ဆိုင်ရှေ့မှာ ဆိုင်ကယ်သမားတွေက ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဧရာဝတီလင်းပိုင်၊ ဘိုကလေး PDF ၊ မော်ကျွန်း ပကဖ အဖွဲ့တွေက ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ ဧရာဝတီတိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ -သတင်းပြန်ကြားရေး လူမှုကွန်ယက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
သေနတ်နဲ့ တေ့ပစ်ခံရပြီး လည်ပင်းထုတ်ချင်းပေါက်ကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ကိုခင်မောင်ကြည်ရဲ့ အလောင်းကိုတော့ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ဧရာဝတီလင်းပိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စကစရဲ့ ဒလန်တွေ ၊ အုပ်ချုပ်ရေးအဖွဲ့တွေ ၊ စီးပွာရေးထောက်တိုင်တွေကို ဆက်လက်တိုက်ခိုင်သွားမယ်လို့ ကြေညာထားပြီး ပြည်သူတွေအနေနဲ့ စကစနဲ့ ပါတ်သက်တဲ့ နေရာတွေကို ရှောင်ရှားဖို့လည်း သတိပေးထားပါတယ်။