ဒီနေ့ ရှမ်း-ကယားနယ်စပ်တိုက်ပွဲမှာ အကြမ်းဖက် စစ်သား ၁၀ယောက်ထက် မနည်းသေ

၈၊ ဩဂုတ်လ၊ ၂၀၂၁။

ဩဂုတ်လ ၈ ရက် ၊ ဒီနေ့မနက်ပိုင်း က ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ဘီသူ( အထက် ) နဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခိုရွာအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၀ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( KNDF ) သတင်းထုတ်ပြန်ခဲ့ပါတယ် ။

အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်အုပ်စုဘက်က လက်နက်ကြီး တွေနဲ့ ၄ နာရီကြာ အဆက်မပြတ် ပစ်ခတ်ခဲ့ပေမယ့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) နဲ့ KNDF ပူးပေါင်း အဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူမရှိခဲ့ဘူးလို့ ဆိုပါတယ် ။

အကြမ်းဖက်စစ်အုပ်စုဘက်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ဝင်ရောက်ခဲ့တဲ့ အတွက် အခုလို တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ် ။

ကရင်နီဒေသတွေမှာ အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်တာ ၊ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ KNDFက ပြည်သူတွေကို အသိပေးထားသလို လုံခြုံရေးကို ဂရုစိုက်ကြဖို့နဲ့ ပြည်သူအချင်းချင်း ကူညီကြဖို့ တိုက်တွန်းထားပါတယ်။

KNPP/KNDF ပူးပေါင်းတပ်အနေနဲ့ စစ်ကောင်စီရဲ့ထိုးစစ်ကို အပြင်းအထန် ခုခံကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလဆန်းမှာလည်း လွိုင်ကော်ဘက်ကနေ ဘောလခဲဘက်ကိုလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကရင်နီလက်နက်ကိုင်တပ်ဖွဲ့က မိုင်းနဲ့ ကြားဖြတ်တိုက်ခိုက်တာ၊စနိုက်ပါနဲ့ ပစ်ခတ်တာ တွေလုပ်ဆောင်ခဲ့လို့ အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့ပါတယ် ။

ကရင်နီဒေသဖြစ်တဲ့ ဘောလခဲ၊ ဒီးမောဆို၊ ရှမ်းပြည်နယ် မိုးဗြဲဒေသတွေမှာ မေလကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာပါ။ ဇူလိုင်နဲ့ အခု ဩဂုတ်လထဲမှာလည်း တိုက်ပွဲတွေမကြာ မကြာဖြစ်ပွားနေပါတယ်။ စစ်ဘေးတိမ်းရှောင်နေရတဲ့ သူလူထုတွေလည်း သောင်းနဲ့ချီပြီးရှိနေပါသေးတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ရရာလက်နက်ဆွဲကိုင်ပြီး ကရင်နီလက်ကိုင်ကိုင်တပ်နဲ့ ပူးပေါင်းပြီး ခုခံတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။