ကရင်နီဒေသတိုက်ပွဲမှာ စစ်အုပ်စု ငါးဦးသေပြီး လက်နက်တွေ သိမ်းဆည်းရရှိထားတယ်လို့ KNDF ထုတ်ပြန်

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။

ကရင်နီဒေသမှာ ဩဂုတ် ၁၂ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ဦးသေပြီး လက်နက်တချို့ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်ထားပါတယ်။

KNDF ရဲ့ ထုတ်ပြန်ချက်နဲ့ ဒေသခံစစ်ရှောင်ကူညီရေးတာဝန်ရှိသူရဲ့ ပြောဆိုချက်အရ ဩဂုတ် ၁၂ရက်နေ့မှာ ကရင်နီတပ်မတော်(KA)နဲ့KNDF ပူးပေါင်းအဖွဲ့ဟာ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုတပ်တွေကို ခုခံတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကယားပြည်နယ် ထေးကလူဒေါကျေးရွာ အနီးသို့ ဩဂုတ် ၁၂ရက် မနက်ပိုင်းက စစ်အင်အား ဖြည့်တင်းဖို့ လမ်းကင်းလာချထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်တွေကို ကရင်နီလက်နက်ကိုင်တပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNDFက ထုတ်ပြန်ပါတယ်။ လက်နက်ငယ်တချို့နဲ့ လက်နက်ကြီးတစ်လက် သိမ်းဆည်းရမိခဲ့လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီးမော့ဆို- ဖရူဆို လမ်းမပေါ်မှာရှိတဲ့ ကဒါးလားရွာ အနီးမှာလည်း မနေ့က နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ဒီးမော့ဆိုမြို့ အခြေစိုက်တပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မနေ့က ညနေပိုင်းမှာလည်း ဖယ်ခုံမြို့နယ်မှာ KNDF တပ်ဖွဲ့နဲ့ စစ်အုပ်စုတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ညပိုင်းက ဒီးမော့ဆိုနဲ့ ဖရူဆိုကြားမှာ တိုက်ပွဲ ပြင်းထန်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီး “ လက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရရှိတာ ၂ယောက်၊ အမျိုးသမီးတစ်ယောက် အမျိုးသားတစ်ယောက်လို့ သိရတယ်” လို့ ဒီးမော့ဆို စစ်ရှောင်ကူညီရေးတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားတာဟာ စစ်အုပ်စုတပ်တွေက ထိုးစစ်ဆင်နေတာကြောင့် ဖြစ်ပြီး နောက်ထပ် တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့လည်း KNDF က ထုတ်ပြန်ပါတယ်။