မြန်မာ့လက်ရွေးစင် ဂိုးသမားပြည့်လျှံအောင် ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်ခွင့်ရ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။

လက်ရှိ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ကို ဒုက္ခသည်အဆင့်သတ်မှတ်ပေးပြီး ဂျန်ပန်နိုင်ငံမှာ ရေရှည်နေထိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Kyodo သတင်းဌာနကဖော်ပြခဲ့ပါတယ်။

ပြည့်လျှံအောင်ဟာ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ မေလက ကစားခဲ့တဲ့ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ လက်သုံးချောင်းထောင် ဆန္ဒပြခဲ့သူဖြစ်ပါတယ်။

Kyodo သတင်းရဲ့ ဖော်ပြချက်အရ နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြည့်လျှံအောင်နဲ့ နီးစပ်သူတစ်ဦးက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

ဂျပန်အစိုးရက ပြည့်လျှံအောင်အနေနဲ့ မြန်မာနိုင်ငံပြန်ရပါက ညှင်းပန်းနှိပ်စက်မှုတွေနဲ့ တွေ့ကြုံရနိုင်တာကြောင့်အခုလို ခွင့်ပြုပေးခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ်လ ၂၀ ရက်နေ့မှာ တရားဝင် အကြောင်းကြား အသိပေးသွားမှာဖြစ်တယ်လို့ ပြည့်လျှံအောင်နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောစကားကို Kyodo သတင်းဌာနက ကိုးကားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

ပြည်လျှံအောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းလောက်ကတည်းက ဂျေလိဂ်တတိယတန်းကလပ်တစ်သင်းနဲ့ လေ့ကျင့်ရေးတွေ လုပ်ဆောင်နေခဲ့ပြီး အခုအခါမှာတော့ ဂျပန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ရေရှည် နေထိုင်ခွင့်ရရှိတော့မှာပဲဖြစ်ပါတယ်။