အင်္ဂလန်ပရီးမီးယားလိဂ်၊ စပိန်လာလီဂါနဲ့ ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်တွေ စပြီ

၁၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အားကစားပရိသတ်တွေအားလုံး စောင့်မျှော်နေတဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေတွေကတော့ ဒီကနေ့ညမှာ စတင်ကစားတော့မှာပဲဖြစ်ပါတယ်။

ဒီကနေ့ည မြန်မာစံတော်ချိန် ည ၁ နာရီ ၃၀ မိနစ် (စနေနေ့ နံနက် ၁ နာရီ ၃၀ မိနစ်) အချိန်မှာ ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုနဲ့အတူ ရာသီသစ်ကို ဖွင့်လှစ်သွားမှာပဲဖြစ်ပါတယ်။

စနေ့ညပိုင်းမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိဂ်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ဟာ အစောဆုံးပွဲစဉ်အဖြစ် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး

ချဲလ်ဆီး-ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပွဲစဉ်၊ အဲဗာတန်-ဆောက်သမ်တန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုနဲ့ နော့ဝှစ်ချ်-လီဗာပူးလ်အသင်းတို့ ပွဲစဉ်တွေက အဓိက ပွဲစဉ်တွေအဖြစ်ရှိနေပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါဘက်မှာတော့ ဒီကနေ့ည ၁ နာရီ (စနေ့နေ့ နံနက် ၁ နာရီ) အချိန်မှာ မိုချင်ဂလက်ဘတ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့အတူ ရာသီသစ်ကို စတင်သွားမှာဖြစ်ပြီး စပိန်လာလီဂါဘက်မှာတော့ ဗလင်စီယာ-ဂီတာဖေးတို့ရဲ့ ပွဲစဉ်နဲ့ စတင်သွားမှာဖြစ်ပါတယ်။