မကွေးလေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခံ

၈၊ ဩဂုတ်လ၊ ၂၀၂၁။

ဒီ​​နေ့မနက်ပိုင်းက မကွေးမြို့လေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ အနီးကျေးရွာခံ​တွေဆီက သိရပါတယ်။

ဩဂုတ်လ ၈ရက်နေ့ မနက်၂နာရီမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် မနက် ၄နာရီတွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

“ပေါက်ကွဲသံကြီးကတော့ အတော်ကျယ်ကျယ်ကြီး ကြားလိုက်ရတယ်၊ အတွင်းပိုင်းကဆိုတော့ ဘယ်နေရာတွေထိခိုက်လဲ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ​ဆိုပါတယ်။

အဲဒီဖောက်ခွဲမှုဟာ မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ထန်ထွဋ်က ​ပြောပါတယ်။

”အခုဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်လို့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ ကျုပ်တို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်က ၈၈၈၈ လူထုအရေးတော်ပုံ ၃၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မကွေးလေတပ်စခန်းက လက်နှက်သိုလှောင်ရုံကို ဗုံးခွဲတိုက်ခိုက်တာဖြစ်တယ်။ အသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်ပေးပါမယ်”လို့ အတည်ပြုခဲ့တာပါ။

မကွေးလေတပ်ဟာ ပြီးခဲ့သည့်လပိုင်းကလည်း တိုက်ခိုက်ခံခဲ့ရပြီး အခုတခါ ဒုတိယ​မြောက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

မကွေးလေတပ်ဟာ လွန်ခဲ့တဲ့ ၂ ရက်က မကွေးမြို့ပေါ်မှာ ရဟတ်ယာဉ်နဲ့ ကင်းလှည့်ခဲ့ပြီး မြို့လမ်းမ​ပေါ်​တွေမှာ စောင့်ကြပ်နေတဲ့ တပ်သားအများစုဟာလည်း လေတပ်က ဖြစ်တယ်လို့ မြို့ခံ​တွေဆီက သိရပါတယ်။

Credit – The Nation Voice