ဘားအံမြို့နယ်မှာ KNU တပ်မဟာ(၁)နဲ့တိုက်ပွဲဖြစ်လို့ စစ်အုပ်စုဘက်က ​လေးဦးသေ

၇ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)တပ်မဟာ(၁)နဲ့တိုက်ပွဲဖြစ်ပွားခဲ့လို့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာ(၁)က ဩဂုတ် ၇ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အရင်က တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ ဘားအံမြို့နယ် မီးပုံးကျေးရွာအနီးမှာ စစ်အုပ်စုဘက်က နေရာဝင်ယူခဲ့တာကြောင့် ဩဂုတ် ၁ရက်ညပိုင်းက တိုက်ပွဲထပ်ဖြစ်ပွားခဲ့တာပါ။

“သတင်းအရက ဒေသခံတွေပြောတာက ၄ဦးကျဆုံးတယ်လို့ ပြောတယ်။ ဒဏ်ရာရတာလည်း ရှိတယ်။ KNLA ဘက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ပြောတယ်” လို့ KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင်လကုန်ပိုင်းကလည်း ဘားအံမြို့နယ် ညောင်ကုန်းရွာနားမှာ KNU တပ်မဟာ(၁)နဲ့ စစ်အုပ်စုလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့ တိုက်ပွဲ ဖြစ်ခဲ့တာကြောင့် အရပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ တပ်မဟာ(၁)တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ(၄၀၉) တပ်ရင်းကနေ BGFကို ပစ်ကူပေးခဲ့တာကြောင့် ညောင်ကုန်းရွာသား တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တာလို့ တပ်မဟာ(၁)က ထုတ်ပြန်ထားပါတယ်။

တပ်မဟာ(၁)နယ်မြေအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ စစ်အုပ်စုတပ်တွေက အင်အားဖြည့်ပြီးစစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာကြောင့်လို့ ဆိုပါတယ်။

KNU တပ်မဟာ(၁)ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ

စစ်အုပ်စုတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားမှု ၂၀ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။

KNUလက်အောက်ခံတပ်မဟာ ခုနစ်ခုရှိရာမှာ တပ်မဟာ(၁)အပြင် တပ်မဟာ(၅)၊တပ်မဟာ(၃)၊ တပ်မဟာ(၂) ဒေသတွေမှာလည်း ​တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲအများဆုံးနဲ့ စစ်အုပ်စုတပ်ဖွဲ့တွေသေဆုံးဒဏ်ရာရမှုအများဆုံးကတော့ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်းမှာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဖာပွန်ခရိုင်မှာ တိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီးတော့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၆၅ဦး သေဆုံးပြီး ၁၀၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။