တစ်လအတွင်း KNUထိန်းချုပ်နယ်မြေတွေမှာ စစ်အုပ်စုနဲ့ တိုက်ပွဲပေါင်း ၂၀၀ကျော်ဖြစ်ပွါးခဲ့ပြီး စစ်အုပ်စုက ၁၆၀ကျော်သေ

၄၊ စက်တင်ဘာလ၊ ၂၀၂၁။

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ဩဂုတ်လတစ်လအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ တိုက်ပွဲပေါင်း ၂၁၇ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်အုပ်စုဘက်က ၁၆၆ယောက် သေဆုံးကာ ၁၀၁ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒူးသထူခရိုင် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ ( ၂၄ )ကြိမ်၊ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေမှာ ( ၆ )ကြိမ်၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထိန်းချုပ်နယ်မြေမှာ ( ၂ )ကြိမ်၊ မူတြော်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ ( ၁၈၁ ) ကြိမ်၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ ( ၄ )ကြိမ် ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုက စစ်ကြောင်းထိုးစဉ်မှာ ပြည်သူတွေကို သတ်ဖြတ်ဖမ်းဆီးတာ ပစ္စည်းတွေကို လုယူဖျက်ဆီးတာတွေကို လုပ်ဆောင်ခဲ့ပြီး ထီးဒိုထာကျေးရွာက နေအိမ်တွေကိုဖျက်ဆီး ပစ္စည်းလုယူတာအပြင် ဒေသခံ မဘဲလေးနဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်တာ၊ မိုးကောင်းဒေသမှာ ပြည်သူနှစ်ဦးဖြစ်တဲ့ စောအယ်သူးနဲ့စောအယ်ဒိုကို ပစ်သတ်တာပြီး စောသိမ်းသန်းနဲ့စောချမ်းသာတို့ကို ဖမ်းဆီးတာ၊ ကော်သေးဒဲကျေးရွာက ဒေသခံတွေကို ပေါ်တာဆွဲတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင့် စစ်ကြောင်းထိုးဝင်ရောက်တဲ့နေရာတွေမှာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပြီး ပြည်သူရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။