PDF (Kalay) ကထုတ်ပြန်လိုက်တဲ့ ဒီကနေ့ တိုက်ပွဲသတင်း

၃၊ စက်တင်ဘာလ၊ ၂၀၂၁။

ကလေးမြိုကနယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ အင်းကျွန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက စက်တင်ဘာလ ၃ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေကို အသုံးပြုကာ အင်းအားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မွှေနှောက် ဖျက်ဆီးခဲ့တယ်လို့ PDF (Kalay) က သတင်းထုတ်ပြန်ပါတယ်။

ရေရှင်ကျေးရွာဖက်ကို မနက် ၉နာရီခန့်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို PDF (Kalay)က ကြားဖြတ်ခြုံခိုတိုက်ခဲ့ပြီး ည ၇နာရီ ၃၀မိနစ်ကျော်ထိ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက်မှာ စစ်အုပ်စုက ရေရှင်ကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။


ရေရှင်ကျေးရွာတိုက်ပွဲအတွင်းမှာ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် PDF (Kalay)က တပ်ဖွဲ့ဝင် ၂ဦး မစိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ကာ စစ်အုပ်စုဘက်မှာလည်း အသေအဆုံးရှိနိုင်တယ်လို့ သိရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ ပွဲတွေကြောင့် ကလေးမြို့နဲ့ ဂန့်ဂေါမြို့အကြားကို မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာခြင်းမပြုဖို့ PDF (Kalay) အသိပေးအကြောင်းထားပါတယ်။