ကေအန်ယူတပ်မဟာ ၁ နယ်မြေက ဒေသခံစစ်ရှောင် ငါးထောင်ကျော်အတွက် အကူအညီတွေလိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နယ်​မြေ သထုံခရိုင် ဖြစ်တဲ့ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့

စစ်ဘေးရှောင်ဒေသခံ ၅၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ၊နေထိုင်စရာနဲ့ အဝတ်အထည်တွေအတွက် အကူအညီတွေပိုမိုလိုအပ်လာတယ်

လို့ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလပထမအပတ်အတွင်း ကေအန်ယူတပ်မဟာ (၁) နယ်မြေ သထုံ၊ဘီလင်းနဲ့ဘားအံစတဲ့မြို့နယ်တွေက ကျေးရွာတွေထဲကိုနေ့စဥ်လက်နက်ကြီးနဲ့ပစ်ခတ်တာ၊လေကြောင်းနဲ့​ ဗုံးကြဲတိုက်ခိုက်တာတွေ​ကြောင့် ဒီကနေ့အထိ ကျေးရွာ ပေါင်း(၁၀)ရွာနဲ့ ဒေသခံ (၅၀၀၀)ကျော်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရတယ်လို့ စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတစ်ဦးကDNAကိုပြောပါတယ်။

“လက်နက်ကြီးနဲ့ ပစ်ခတ်တာတို့ လေကြောင်းနဲ့လာပစ်တာ တလလုံးကိုနေ့တိုင်းနီးပါးဖြစ်နေတယ်။စာရင်းရသလောက် ရွာ၁၀ရွာ နဲ့ ဒေသခံ၅၀၀၀ ကျော်လောက် အကုန်ရှောင်နေရတယ်’’ လို့သူကပြောပါတယ်။

ထွက်ပြေးတိမ်းနေရတဲ့ဒေသခံတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊နေထိုင်စရာနဲ့အဝတ်အထည်တွေကို ကေအန်ယူ​ဗဟိုအပါအဝင် ကရင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံစစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ကူညီလုပ်ဆောင်ပေးနေပေမဲ့ လူဦးများပြားနေတာကြောင့် အကူအညီတွေပိုမိုလိုအပ်လာတယ်လို့ သထုံဒေသက စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေ အကူအညီတွေပိုမိုပေးအပ်ဖို့ လိုအပ်လာတယ်လို့ သထုံဒေသစစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတွေက ဆိုပါတယ်။

နေရပ်စွန့်ခွာနေရတဲ့ဒေသခံတွေဟာ တောတောင်အတွင်း နေထိုင်နေရတာကြောင့် နေထိုင်စရာအမိုးအကာမလုံလောက်တာ စားနပ်ရိက္ခါထောက်ပံ့ရန်အတွက် သွားလာရေးခက်ခဲတာ စတာတွေကို ကြုံတွေ့နေရတဲ့အတွက် အကူအညီပေးအပ်ကြဖို့ တောင်းဆိုတယ်လို့ သထုံဒေသစစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်သူတစ်ဦးက ဆိုပါတယ်။

“သထုံနဲ့ ဘားအံနေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်တာပိုဆိုးတယ်။နောက်ပြီး ရှောင်နေရတဲ့ ဒေသခံတွေက အခုအထိ တောတောင်ထဲမှာ ဖြစ်သလိုနေနေရတယ်။ တချို့ဆို အမိုးအကာမရှိဘူး။ ရိက္ခာတွေ ထောက်ပို့ပေးဖို့သွားတော့လည်း တောအရမ်းနက်တာနဲ့ သူတို့ကအပြင်ထွက်လာဖို့ခက်တော့အကူအညီတွေ ချက်ခြင်းပေးဖို့ ခက်သွားတယ်။ သွားပြီးထောက်ပံ့ပေးဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေကို အကူအညီတောင်းဆိုထားပါတယ်” လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ပထမအပတ်ထဲ သထုံမြို့နယ် ထုံးဘိုကြီးနဲ့ ထုံးဘိုလေးကျေးရွာ အပါအဝင် ဘားအံမြို့နယ်ထဲက မင်းစောကျေးရွာနဲ့ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၇ ရက်နေ့ ည (၇) နာရီမှာလည်း ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအနီးကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်လူအထိအခိုက်မရှိခဲ့ပေမဲ့ နေအိမ် (၉) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကေအန်ယူ ဗဟိုသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကလည်း ကေအန်ယူတပ်မဟာ (၁) သထုံခရိုင်နယ်မြေထဲကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်တာကြောင့်ဒေသခံတစ်ဦး သေဆုံးခဲ့ကာ (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် (၁၀) လုံးကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ကေအင်န်ယူနယ်မြေမှာ တိုက်ပွဲပေါင်း ၈၀၀၀ ကျော်ဖြစ်ပွါးခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအထိ တနိုင်ငံလုံးမှာ စစ်ရှောင် ၁ ဒဿမ ၆ သန်းကျော်ထဲမှာ ကရင်ပြည်နယ်က ၁၃၀ ၀၀၀ ဝန်းကျင်ပါဝင်ပါတယ်။