မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတား ပြန်မဖွင့်နိုင်သေး

ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားကို အခုလထဲမှာဖွင့်မယ်လို့ သတင်းတွေထွက်နေပေမယ့် ဒီကနေ့အထိတော့ မဖွင့်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်က အဲ့ဒီတံတားပေါ်မှာ သန့်ရှင်းရေးလုပ်တာ၊ အပျက်အစီးတွေကို ပြန်ပြုပြင်တာတွေ ရှိခဲ့တာကြောင့် ဒေသခံတွေကြားမှာ တံတားပြန်ဖွင့်မယ်လို့ အသံတွေထွက်ပေါ်လာခဲ့ပေမယ့် ဒီနေ့ ဇန်နဝါရီ ၅ ရက် နေ့လယ်ပိုင်းအထိ မဖွင့်သေးဘူးလို့ ဆိုပါတယ်။

“မဖွင့်သေးဘူး၊ ဖွင့်ရင်ပြောမယ်လို့ ပြောတယ်၊ မနက်တုန်းကတော့ တံတားဖွင့်ရင် ဘယ်လိုလုပ်ကြမလဲဆိုတာ လာကြည့်ကြတာပဲ” လို့ တံတားအနီးမှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပြပါတယ်။

လက်ရှိအချိန်မှာ နယ်စပ်တံတားဖွင့်ဖို့အတွက် နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုတွေ အကြိမ်ကြိမ်လုပ်နေကြသလို ဒေသခံတွေနဲ့ MOU အလုပ်သမားတွေကလည်း တံတားဖွင့်ဖို့အတွက် စောင့်ဆိုင်းနေကြကာ ဒေသခံတွေထဲမှာလည်း တံတားဖွင့်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်သံနဲ့ သတင်းတွေမျိုးစုံထွက်ပေါ်နေတယ်လို့ သိရပါတယ်။

 “ဖွင့်မယ်လို့တော့ပြောတာပဲ၊ မနက်ဖြန်မဟုတ်ရင် ၈ ရက်နေ့လို့တော့ပြောတာပဲ၊ မြန်မာနိုင်ငံလိုင်စင်ဝင်ထားတဲ့ ကားတွေ ပေးဝင်မယ်လို့ကြားတယ်၊ သေချာဘယ်နေ့ဖွင့်မယ်ပြောတာတော့သေချာ မကြေညာသေးဘူး၊ ၆ ရက် နေ့အစမ်းပေးသွားပြီး ၈ ရက်နေ့မှဖွင့်မယ်ဆိုလား မသိဘူး” လို့ မြဝတီမြို့နေ ဒေသခံတဦးက ပြောပါတယ်။

မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၁ တံတားဟာ ဒေသခံပြည်သူတွေ နှစ်နိုင်ငံအတွင်း အလည်အပတ်ဗီဇာ နဲ့ ကူးသန်းသွားလာရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွေလုပ်နိုင်ဖို့ မော်တော်ယာဉ်ငယ်တွေကိုပဲ ဖြတ်သန်း သွားလာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ကိုဗစ်ရောဂါကူးစက်မှုတားဆီးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် ကတည်းက ယာယီပိတ်ထားခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြန်ဖွင့်ဖို့ နှစ်နိုင်ငံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခအခြေအနေတွေက တံတားပြန်ဖွင့်ဖို့ အဟန့်အတားတခုဖြစ် နေတယ်လို့ လေ့လာသူတွေကပြောကြပါတယ်။