မတူပီ အခြေစိုက် စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးတွေပစ်ခတ်

ချင်းပြည်နယ်၊ မတူပီမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်းတခုဖြစ်တဲ့ ခလရ(၃၀၄)စစ်ဆေးရေးဂိတ်ကို CDF မတူပီက ဇန်နဝါရီ (၄)ရက် မနေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

“လက်နက်ကြီး လက်နက်ငယ်တွေ တောက်လျှောက်ပစ်နေကြတယ်၊နေလို့ကိုမရဘူး၊ဖုန်းလိုင်းကော မီးတွေကော ဖြတ်ကြတယ်”လို့ မတူပီ ဒေသခံတဦးက ပြောပါတယ်။

မတူပီ-ပလက်ဝလမ်းမှာ အခြေစိုက်တဲ့ ခလရ(၃၀၄) စစ်ဆေးရေးဂိတ်ကို မနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တဦးသေ၊ တဦးဒဏ်ရာရတယ်လို့ CDF မတူပီ ပြန်ကြားရေး တာဝန်ခံကလည်းပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း CDF မတူပီဘက်က အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။မတူပီမြို့ တဝိုက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေမရှိတာ လအနည်းငယ်ကြာပြီဖြစ်ပြီး သုံးလဝန်းကျင်အကြာမှာ ပစ်ခတ်မှုတွေ ပြန်ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း မတူပီ-ဟားခါးလမ်းဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုး လာတာကြောင့် နှစ်ဘက် ထိတွေ့တိုက်ပွဲတွေဖြစ်ပြီးကတည်းက မတူပီမှာ တိုက်ပွဲတွေငြိမ်သက်နေခဲ့တာပါ။

မတူပီ-ဟားခါးလမ်းဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ CDF မတူပီတို့ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၄) ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ အခု ပစ်ခတ်မှုမတိုင်မီ  နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က သုံးဦးသေပြီး အများအပြားဒဏ်ရာရတယ်လို့ CDF မတူပီက ထုတ်ပြန်ခဲ့ပါတယ်။