ဂျပန်နိုင်ငံအနေနဲ့ မြန်မာကို အကူအညီပေးနေတာတွေအားလုံး ရပ်ဆိုင်းပစ်လိုက်နိုင်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။
ဒီနေ့ မေလ ၂၁ရက်နေ့ ထွက်ရှိလာတဲ့ အင်တာဗျူးမှာ နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က အခုလိုပြောလိုက်တာပါ။
ဂျပန်ဟာ မြန်မာရဲ့ ထိပ်တန်းအလှူရှင်နိုင်ငံတနိုင်ငံဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက မြန်မာကို ထောက်ပံ့ကူညီမယ့် အစီအစဥ်သစ်တွေ ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။
“ကျနော်တို့ အခုလို မလုပ်ချင်ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ဆက်ပြီးအလုပ်လုပ်ဖို့ မလွယ်ဘူးဆိုတာကိုတော့ အတိအလင်းထုတ်ဖော်ပြောရမယ်”လို့ Toshimitsu Motegi က ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ မြန်မာကို ကူညီမယ့် အစီအစဥ်သစ်တွေအားလုံးကို ရပ်ဆိုင်းလိုက်တယ်လို့ ဂျပန်အစိုးရက မတ်လမှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒါပေမယ့် တခြားနိုင်ငံတွေလိုမျိုး အာဏာသိမ်းစစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူဒဏ်ခတ်တာတော့ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၈၀၀ကျော်ရှိလာပြီ ဖြစ်ပါတယ်။
Ref – AFP