သမ္မတရှီရဲ့ နိုင်ငံတော် ခရီးစဉ်ကို ဆာဘီးယားက ကော်ဇောနီခင်းပြီးကြို

မေ၊ ၈

တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ နိုင်ငံတော် ခရီးစဉ်ကို ဆာဘီးယား အစိုးရက​ ကော်ဇောနီခင်းပြီး တခမ်းတနား ဂုဏ်ပြု ကြိုဆိုခဲ့ပါတယ်။

မေလ ၇ ရက်နေ့ ညပိုင်းမှာ ဘဲလ်ဂရိတ်မြို့၊ နစ်ကိုလာ တက်စ်လာ လေဆိပ်ကို တရုတ် သမ္မတ စီးတော်လေယာဉ် ဆိုက်ရောက်လာခဲ့ပြီး လေဆိပ်ထဲမှာ အနီရောင် တရုတ်အလံတွေ တလူလူ လွင့်ပျံနေတာကို တွေ့ရပါတယ်။ ရှီရဲ့ ယာဉ်တန်း ဖြတ်သန်းသွားမယ့် အနောက်မြို့တော် မုခ်ဦးတဝိုက်က တဘလောက်စာ ဧရိယာကိုလည်း တရုတ်အလံတော်ရဲ့ အရောင်တွေနဲ့ ခြယ်သထားတာကို တွေ့ရပါတယ်။

ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က တရုတ်-ဆာဘီးယား ဆက်ဆံရေးဟာ ဖြတ်တောက်လို့ မရအောင် မြဲမြံကြောင်း ကြွေးကြော်ပြီး ရှီရဲ့ ဥရောပ ခရီးစဉ်အတွက် ဆာဘီးယားရဲ့ ဧည့်ဝတ် ကျေပြွန်မှုကို အစွမ်းကုန် ပြသမယ်လို့ ပြောကြားထားခဲ့ဖူးပါတယ်။ ရှီဟာ ပြင်သစ်ကနေတဆင့် ဆာဘီးယားကို ရောက်လာတာဖြစ်ပြီး အဲဒီနောက်မှာတော့ ဟန်ဂေရီကို ခရီးဆက်ရင်း သူ့ရဲ့ နိုင်ငံတော် ခရီးစဉ်ကို အဆုံးသတ်မှာပါ။

ရှီနဲ့ ဇနီးဖြစ်သူ ပန်လီယွမ်တို့ကို ဘဲလ်ဂရိတ်မှာ ဆာဘီးယား သမ္မတ ဇနီးမောင်နှံက တခမ်းတနား ကြိုဆို နှုတ်ဆက်ခဲ့ပါတယ်။ ရှီဟာ ဆာဘီးယားမှာ ရှိနေစဉ်အတွင်း ဘဲလ်ဂရိတ်မြို့ တရုတ်သံရုံးကို အမေရိကန် လေတပ်က မှားယွင်း တိုက်ခိုက်ခဲ့မှု ၂၅ နှစ်ပြည့် အောက်မေ့မှု အခမ်းအနားကိုလည်း တက်ရောက်ဖွယ် ရှိနေပါတယ်။

ဆာဘီးယားထုတ် Politika သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာ ရှီက အတွေးအမြင် ဆောင်းပါးတခု ဖော်ပြခဲ့ရာမှ အဲဒီဖြစ်စဉ်ဟာ မနေ့တနေ့က ကြုံခဲ့သလို နာကျင်စရာတွေ ကျန်နေဆဲလို့ ရေးသားထားပါတယ်။ ဒီကိစ္စကို ဘယ်တော့မှ မမေ့သင့်ကြောင်း၊ တရုတ် ပြည်သူတွေဟာ ငြိမ်းချမ်းရေးကိုသာ လိုလားကြပေမယ့် ကြေကွဲစရာ ဖြစ်ရပ်တွေ နောက်တကြိမ် သမိုင်းတပတ် လည်မလာအောင် တားဆီးဖို့တော့ လိုအပ်ကြောင်း ရှီက မှတ်ချက်ပေးထားခဲ့ပါတယ်။

တရုတ်နဲ့ ဆာဘီးယားတို့ဟာ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေး မှတ်တမ်းကောင်းတွေ ရှိနေသလို တရုတ်ဟာ ဆာဘီးယားရဲ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေမှာ ထိပ်ဆုံးနေရာက ဦးဆောင် ရပ်တည်နေပါတယ်။

 Ref: BBC