ဆက်ဆံရေး နွေးထွေးခဲ့ချိန်မှာ တရုတ်က ထိုင်ဝမ်ကို လက်ဆောင်ပေးထားတဲ့ ပန်ဒါဝက်ဝံလေး သေဆုံး 

နှစ်နိုင်ငံ ဆက်ဆံ​ရေး နွေးထွေးနေချိန်မှာ တရုတ်က ထိုင်ဝမ်ကို လက်ဆောင် ပေးခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေရဲ့ အချစ်တော် ဖြစ်လာတဲ့ ပန်ဒါ ဝက်ဝံလေး တွမ်တွမ် သေဆုံးသွားကြောင်း သိရပါတယ်။ 

အသက် ၁၈ နှစ် ရှိပြီဖြစ်တဲ့ ပန်ဒါ အထီးလေးဟာ ပြီးခဲ့တဲ့လမှာ ကျန်းမာရေး စတင် ဆုတ်ယုတ် ကျဆင်းလာပြီး လမ်းကောင်းကောင်း မလျှောက်နိုင်တော့သလို အစားလည်း သေချာ မစားနိုင်တော့ပါဘူး။ ထိုင်ပေ တိရစ္ဆာန်ရုံက တိရစ္ဆာန်ဆေးကု ဆရာဝန်တွေဟာ တွမ်တွမ်ကို အစွမ်းကုန် ပြုစုပေးခဲ့ပေမယ့် တိုးတက်မှုတွေ ရှိမလာတဲ့နောက် တရုတ်က ဆရာဝန်တွေကိုပါ လှမ်းဆက်သွယ်ပြီး အကူအညီ တောင်းခံခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ တွမ်တွမ်ရဲ့ အခြေအနေက ပိုဆိုးလာပြီး အတက်ရောဂါလိုမျိုး လက္ခဏာတွေပါ ခံစားလာရပါတယ်။ ဒါကြောင့် သူ့ကို မေ့မျောနေအောင် စီစဉ်ပေးပြီး ဆက်လက် ကုသနေရာက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပန်ဒါဝက်ဝံလေး သေဆုံးခဲ့တဲ့ အကြောင်းရင်းကိုတော့ လောလောဆယ် အတိအကျ မသိရသေးပါဘူး။ 

ဩဂုတ်လကစပြီး တွမ်တွမ်ဟာ နောက်ခြေထောက် သိပ်မသန်သလို ဖြစ်လာပြီး သူ့အကြိုက် ဝါးရွက်နဲ့ မျှစ်တွေကိုလည်း ပုံမှန်ထက် တစ်ဝက်လောက်သာ စားနိုင်ပါတော့တယ်။ လတ်တလောမှာ ဆက်ဆံရေး အရမ်းတင်းမာနေပေမယ့် တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ တွမ်တွမ်ရဲ့ အသက်ကို ကယ်ဆယ်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

ပန်ဒါဝက်ဝံ တစ်ကောင်ရဲ့ ပျမ်းမျှ သက်တမ်းဟာ ၁၄ နှစ်နဲ့ ၂၀ နှစ်ကြား ဖြစ်ပေမယ့် သေချာ ပျိုးထောင် မွေးမြူထားတဲ့ အခြေအနေမျိုးမှာ အဲဒီထက် အများကြီး သက်တမ်း ရှည်နိုင်တယ်လို့ ဆိုပါတယ်။ တွမ်တွမ် သေဆုံးသွားတဲ့ သတင်းကို ကြားသိတဲ့ အခါမှာ သူ့ကို ချစ်ခင်တဲ့ ထိုင်ဝမ်ပြည်သူတွေအတွက် အထူးတလည် ဝမ်းနည်းကြေကွဲခဲ့ကြရပါတယ်။

တွမ်တွမ်နဲ့ သူ့ရဲ့ မိတ်ဖက် ပန်ဒါဝက်ဝံမလေး ယွမ်ယွမ်တို့ကို နှစ်နိုင်ငံ ဆက်ဆံရေး နွေးထွေးလာမှု သင်္ကေတ အနေနဲ့ ၂၀၀၈ ခုနှစ်မှာ တရုတ်က ထိုင်ဝမ်ကို လက်ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အပေါ် မှီခိုမှုကို မလိုလားတဲ့ ဆိုင်အင်ဝမ် ၂၀၁၆ ခုနှစ်မှာ သမ္မတ ဖြစ်လာချိန် ကတည်းက ထိုင်ဝမ်ဟာ တရုတ်နဲ့ ဆက်ဆံရေး ဆက်တိုက် ယိုယွင်းလာပြီး အခုဆိုရင် နှစ်နိုင်ငံကြား တင်းမာမှုတွေ အမြင့်မားဆုံး အတိုင်းအတာထိ ရောက်ရှိနေပါတယ်။