နိုင်ငံတော်သီချင်း လိုက်မဆိုဘဲ သွယ်ဝိုက် ဆန္ဒပြခဲ့တဲ့ အီရန် ဘောလုံးအသင်း 

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အီရန် အမျိုးသား လက်ရွေးစင် အသင်းဟာ အင်္ဂလန်နဲ့ ပွဲမတိုင်ခင်မှာ နိုင်ငံတော် သီချင်းကို လိုက်မဆိုဘဲ နှုတ်ဆိတ်နေပြီး ပြည်တွင်းက ဆန္ဒပြပွဲတွေကို ထောက်ခံကြောင်း ပြသသွားခဲ့ပါတယ်။ 

အီရန်မှာ ဘာသာရေး ရဲတွေရဲ့ ကြမ်းတမ်းတဲ့ ပြုမူ ဆက်ဆံပုံကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၃ လလောက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လက်ရွေးစင် ကစားသမားတွေ နိုင်ငံတော် သီချင်းကို လိုက်မဆိုဘဲ နေပြတာဟာ အစိုးရကို တိုက်ရိုက် ဖီဆန်ပြတဲ့ အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ ပြည်တွင်းက ဆန္ဒပြပွဲတွေမှာလည်း အီရန် နိုင်ငံတော် သီချင်းကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ရှိနေပါတယ်။ 

အီရန်မှာ ဘောလုံးပြိုင်ပွဲကို တိုက်ရိုက် ထုတ်လွှင့်တဲ့အခါ နိုင်ငံတော်သီချင်း သီဆိုရမယ့် နေရာအရောက်မှာ တည်းဖြတ်ထားလိုက်ပြီး ပရိသတ်တွေ စုဝေးနေတဲ့ အရင် ပုံရိပ်ဟောင်းတွေကို အစားထိုးထားခဲ့တာ တွေ့ရပါတယ်။ အီရန် နိုင်ငံတော် သီချင်းရဲ့ တီးလုံးကို အားကစားကွင်းထဲ ဖွင့်လှစ်ထားတဲ့ အချိန်မှာ ပရိသတ် တချို့က အော်ဟစ် လှောင်ပြောင်နေကြသလို တချို့ကလည်း ‘အမျိုးသမီး၊ ဘဝ၊ လွတ်လပ်ခွင့်’လို့ ဆန္ဒပြ ကြွေးကြော်နေတာတွေ တွေ့ရပါတယ်။ 

အဲဒီပွဲစဉ်မှာ အီရန်ဟာ အစွမ်းကုန် အားထုတ်ခဲ့ပေမယ့် ခြေစွမ်း ကွာဟချက် ကြီးမားလွန်းတဲ့အတွက် အင်္ဂလန်ကို ၆-၂ နဲ့ အရေးနိမ့်ခဲ့ပါတယ်။ နောက်ထပ် ဆိုးရွားတဲ့ အခြေအနေ တစ်ခုအဖြစ် အီရန်ရဲ့ အားထားရတဲ့ ဂိုးသမား အလီ ဘီရန်ဗန်ဟာ အသင်းဖော် တစ်ဦးနဲ့ ထိခိုက်မိတာကြောင့် မျက်နှာမှာ ဒဏ်ရာရသွားပြီး ကွင်းထဲကနေ သွေးအလူးလူးနဲ့ ထွက်ခွာခဲ့ရပါတယ်။ 

အီရန်မှာ ဖြစ်ပွားတဲ့ ဆန္ဒပြမှုတွေကို အာဏာပိုင်တွေက ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွင်းမှုတွေကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးပြီး ၁၆၈၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ အီရန် အစိုးရကတော့ ဆန္ဒပြပွဲတွေကို အီရန်ရဲ့ ရန်ဘက် ပြည်ပ နိုင်ငံတွေက လှုံ့ဆော်ပေးနေတဲ့ ဆူပူအုံကြွမှုတွေလို့ စွပ်စွဲ ပြစ်တင်ထားပါတယ်။ 

အီရန် လက်ရွေးစင် အသင်းဟာ ဆန္ဒပြပွဲတွေကို ပွင့်ပွင့်လင်းလင်း ထောက်ခံဖို့ ပျက်ကွက်ခဲ့ဖူးတာရယ်၊ ကမ္ဘာ့ဖလား မတိုင်ခင်မှာ အီရန်သမ္မတ အီဘရာဟင် ရိုင်ဆီကို သွားရောက် တွေ့ဆုံခဲ့တာရယ်ကြောင့် ပရိသတ်တွေရဲ့ ငြိုငြင်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။

Delta News

Read Previous

ဆက်ဆံရေး နွေးထွေးခဲ့ချိန်မှာ တရုတ်က ထိုင်ဝမ်ကို လက်ဆောင်ပေးထားတဲ့ ပန်ဒါဝက်ဝံလေး သေဆုံး 

Read Next

အမှားများခဲ့တဲ့ ဂိုးသမား မန်ဒီကို ဆီနီဂေါ ပရိသတ်တွေ ဒေါသထွက်နေ