မြောက်ကိုရီးယားရဲ့ ထိပ်တန်း ဝါဒဖြန့် ပါရဂူဟောင်း ကင်ကီနမ် ကွယ်လွန်

မေ၊ ၈

မြောက်ကိုရီးယား အစိုးရရဲ့ အားအထားဆုံး ဝါဒဖြန့် ပါရဂူဟောင်းကြီး ကင်ကီနမ်ဟာ အသက် ၉၄ နှစ် အရွယ်မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာက ကင်ကွယ်လွန်တဲ့ သတင်းကို မေလ ၈ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ လူကြီးရောဂါကြောင့် ကျန်းမာရေး သိသိသာသာ ယိုယွင်းကျဆင်းလာခဲ့ရာကနေ ကွယ်လွန်သွားတာလို့ KCNAက ထုတ်ပြန်ပါတယ်။ ကင်ဟာ ၂၀၂၂ ခုနှစ် ကတည်းက အနီးကပ် ကျန်းမာရေး စောင့်ရှောက် ကုသမှုတွေကို ခံယူနေခဲ့ရတာပါ။

 သူဟာ မြောက်ကိုရီးယားမှာ ကင်မင်းဆက်လို့ ရည်ညွှန်းခံရတဲ့ မိသားစု အစဉ်အဆက် လက်ဆင့်ကမ်း အုပ်ချုပ်ခဲ့မှုတွေမှာ အဓိက ဝါဒဖြန့်ချိရေး အရာရှိကြီး တဦးအဖြစ် သစ္စာရှိရှိ အမှုထမ်းခဲ့သူပါ။ အထီးကျန် ကွန်မြူနစ် နိုင်ငံရဲ့ ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေး အစီအမံတွေမှာ သူဟာ ဆယ်စုနှစ်အတော်များများ ဦးဆောင်ဦးရွက် နေရာကနေ ပဲ့ကိုင် လမ်းညွှန်ခဲ့ပါတယ်။

 ကင်ရဲ့ နာရေး အခမ်းအနားကို မေလ ၈ ရက် မနက် အစောပိုင်းမှာ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် တက်ရောက် ဂါရဝ ပြုခဲ့ပြီး နိုင်ငံအပေါ် အကြွင်းမဲ့ သစ္စာစောင့်သိတဲ့ တော်လှန်ရေး ရဲဘော်ဟောင်းကြီးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကြီးစွာ သောကရောက်ရတယ်လို့ ပြောကြားခဲ့ကြောင်း KCNAက ဖော်ပြသွားပါတယ်။

 တောင်ကိုရီးယားရဲ့ ယွန်ဟပ် သတင်းစာကတော့ ကင်ကို ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီတွေရဲ့ နာမည်ကျော် ဝါဒဖြန့်ချိရေးမှူး ဂျိုးဆက် ဂိုဘဲလ်စ်နဲ့ ခိုင်းနှိုင်းခဲ့ပြီး ကင်ရဲ့ လက်ကိုင် မဟာဗျူဟာကတော့ အမှန်လို့ ထင်လာတဲ့ထိ မုသားတွေကို အထပ်ထပ် နားသွင်းတာမျိုး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 မျိုးရိုးနာမည် ဆင်တူပေမယ့် သူဟာ မြောက်ကိုရီးယားကို အုပ်စိုးနဲ့ ကင်မျိုးဆက်နဲ့ သွေးသားဆက်စပ်မှု မရှိပါဘူး။ ကင်ဟာ မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်ချိရေး ဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် ၁၉၆၆ ခုနှစ်တုန်းက စတင် ခန့်အပ်ခံရပြီး အဲဒီတုန်းက နိုင်ငံခေါင်းဆောင် ကင်ဂျုံအီလ်နဲ့ အထူးနီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ ဌာနရဲ့ ညွှန်ကြားရေးမှူး ဖြစ်လာပြီး မြောက်ကိုရီးယား အစိုးရရဲ့ ဝါဒဖြန့် ယန္တရား တခုလုံးကို အဓိက ဦးဆောင်လာခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ မြောက်ကိုရီးယား အစိုးရအာဘော် ရိုဒွန်ဆင်မွန် သတင်းစာကိုပါ ချုပ်ကိုင်ခွင့် ရလာပါတယ်။

 သူဟာ ၂၀၁၀ ပြည့်လွန်နှစ်တွေမှာ အစိုးရ တာဝန်တွေကနေ အနားယူခဲ့တယ်လို့ ယူဆရပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အသက် ၈၀ ကျော်အရွယ် အဖိုးအိုဟာ ခေါင်းဆောင်ကြီး ကင်ဂျုံအန်း စကားပြောချိန်မှာ တခြားစစ်ဘက် အရာရှိတွေနဲ့အတူ မှတ်စုထုတ်ပြီး လိုက်လံရေးမှတ်နေတဲ့ ဓာတ်ပုံတွေ ထွက်ပေးခဲ့ဖူးပါတယ်။

 ကင်အနားယူသွားချိန်မှာ သူ့ရဲ့ ဝါဒဖြန့်ချိရေး တာဝန်တွေကို ခေါင်းဆောင်ကြီးကင်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က လက်လွှဲယူခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ နိုင်ငံတော် အခမ်းအနားတွေမှာ သူ့ကို ဖိတ်ကြားတာမျိုးတွေ တွေ့နေခဲ့ရတာကြောင့် အနားယူပြီးချိန်ထိ ကင်ဟာ အစိုးရ အတွင်းစည်းမှာ အလေးထား ခံခဲ့ရတယ်လို့ ယုံကြည်ရပါတယ်။

 Ref: BBC