ကန့်ဘလူ မလည်ရွာတိုက်ပွဲမှာ PDF ရှစ်ဦးထက်မနည်းကျဆုံး၊စစ်ကောင်စီလည်းအထိနာ 

Photo – Social Media  ပုံဟောင်း – ကန့်ဘလူခရိုင် PDF တပ်ဖွဲ့ဝင်တချို့ကို ရှေ့တန်းတနေရာမှာတွေ့ရစဉ်

မေ၊ ၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ မလည်ရွာမှာရှိတဲ့စစ်ကောင်စီအထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်လို့မနေ့က နာရီနဲ့ချီတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီအထိနာသလို PDF ဘက်ကလည်း ရှစ်ဦးထက်မနည်း ကျဆုံးတယ်လို့ ကန့်ဘလူပြည်သူကာကွယ်ရေးအဖွဲ့ဝင် တဦးကပြောပါတယ်။

“အခု Body ပြန်ရထားတာက ရှစ်ဦးတော့ အတည် ပြုလို့ရတယ်၊ သူတို့ဖက်ကလည်း ဆယ်ဦးထက်မနည်း သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရတယ်”လို့ သူကပြောပါတယ်။

ကျဆုံးသွားတဲ့ PDF တပ်ဖွဲ့ဝင်တွေဟာဒေသအ ခြေစိုက် PDF တပ်ရင်း တပ်ဖွဲ့တွေကဖြစ်ပြီး အများစုက လေကြာင်းတိုက်ခိုက်မှူကြောင့်ကျဆုံးကာတိုက်ပွဲအတွင်း သေနတ်ထိမှန်သေဆုံးသူတွေလည်းပါတယ်လို့ဆိုပါတယ်။

 မလည်ရွာမှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအထိုင်စခန်းကို တော်လှန်ရေးတပ်တွေက မနေ့က မနက် ၅ နာရီခွဲလောက်ကစလို့တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ကြာချိန် ရှစ်နာရီလောက်အထိရှိခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်က အသိပေးထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဥ်၊ဂျက်ဖိုက်တာ၊ Y-12 လေယာဥ်တွေနံလေကြောင်းတိုက်ခိုက်မှုအကြိမ်သုံးဆယ်ကျော်လုပ်ခဲ့သလို ဟောင်ဝပ်ဇာတွေနဲ့လည်းလက်နက်ကြီးအလုံးငါးဆယ်လောက်အထိပစ်ကူပေးခဲ့တယ်လို့ဆိုပါတယ်။

တော်လှန်ရေးတပ်တွေဟာ  စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိကာ စခန်းကုန်းပေါ်မှာနေရာယူနိုင်တဲ့အခြေအနေအထိရောက်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဆက်လုပ်ကာ မြေပြင်စစ်ကူတွေထပ်ပို့လာတာကြောင့် စခန်းကိုမီးရှို့ဖျက်ဆီးပြီးဆုတ်ခွာခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်က ဖော်ပြပါတယ်။

မနေ့ကတိုက်ပွဲအတွင်းမလယ်ရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်အပြင် ယမနေရွာကနေ အင်အား ၁၅၀လောက်နဲ့ထွက်လာတဲ့စစ်ကူစစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ဟန့်တားနိုင်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် PDF တပ်ဖွဲ့တွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ဘက်ကအသေးစိတ်ထုတ်ပြန်တာမရှိသေးပါဘူး။