ပင်လယ်ဝါမှာ စစ်လေယာဉ်ချင်း ငြိခဲ့တဲ့ကိစ္စ တရုတ်ရဲ့ လုပ်ရပ်ကို ဩစတြေးလျ ဝန်ကြီးချုပ် ပြစ်တင်


မေ၊ ၇

ပင်လယ်ဝါမှာ နှစ်ဖက် စစ်လေယာဉ်တွေ ငြိခဲ့ကြတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ တရုတ်ရဲ့ လုပ်ရပ်ကို ဘယ်လိုမှ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ ဩစတြေးလျ ဝန်ကြီးချုပ်က ဝေဖန် ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပင်လယ်ဝါရဲ့ နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ရှိနေတဲ့ ဩစတြေးလျ ရေတပ်ရဲ့ MH60R Seahawk ရဟတ်ယာဉ်ကို တရုတ် လေတပ်ရဲ့ J-10 တိုက်လေယာဉ် တစီးက နှောင့်ယှက်ခဲ့တာလို့ ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က ဆိုပါတယ်။

တရုတ် တိုက်လေယာဉ်ဟာ ဩစတြေးလျ ရဟတ်ယာဉ်ရှေ့ မီတာ ရာဂဏန်းလောက် အကွာမှာ မီးကျည်တွေ ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ လုပ်ရပ်ဟာ အန္တရာယ် များသလို ပရော်ဖက်ရှင်နယ်လည်း မပီသကြောင်း၊ ဩစတြေးလျ စစ်မှုထမ်းတွေအပေါ် အကြီးအကျယ် ထိခိုက်သွားစေနိုင်ကြောင်း အယ်လ်ဘန်နိစ်က ဆိုပါတယ်။

ဖျက်သင်္ဘော အခြေစိုက် ရဟတ်ယာဉ်ဟာ မြောက်ကိုရီးယားရဲ့ စစ်လက်နက် ကုန်သွယ်မှုတွေကို ကုလသမဂ္ဂက ပိတ်ပင်ထားတဲ့ သတ်မှတ်ချက်ကို အာဏာတည်စေဖို့ စောင့်ကြည့်ရတဲ့ မစ်ရှင်တခုမှာ ပါဝင် တာဝန်ထမ်းဆောင်နေခဲ့တာပါ။

ဝန်ကြီးချုပ် အယ်လ်ဘန်နိစ်က ဒီလို စတန့်ထွင်တဲ့ လုပ်ရပ်မျိုးဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် လက်ခံနိုင်စရာ ဘာအကြောင်းမှ မရှိဘူးဆိုတာ အရမ်းရှင်းလင်းနေကြောင်း ဝေဖန် ပြောကြားသွားပါတယ်။ တရုတ်ဖက်ကတော့ ဩစတြေးလျရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လောလောဆယ် ဘာမှ မဖြေရှင်းသေးပါဘူး။

ဩစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း နိုင်ငံတကာ ရေပြင်၊ နိုင်ငံတကာ လေပိုင်နက်မှာ နိုင်ငံတကာ လုပ်ငန်းတာဝန် တခုကို ထမ်းဆောင်နေတဲ့ ဩစတြေးလျ တပ်ဖွဲ့ဝင်တွေအပေါ် တရုတ် တိုက်လေယာဉ်မှူး ပြုမူခဲ့တဲ့ ကိစ္စမျိုးဟာ လုံးဝ မဖြစ်သင့်ဘူးလို့ ဝေဖန်ထားပါတယ်။

တရုတ်နဲ့ ဩစတြေးလျတို့ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆက်ဆံရေး တင်းမာမှုတွေ ရှိခဲ့ပြီး အခြေအနေတွေကို ဖြေလျှော့ဖို့အတွက် နောက်လထဲမှာ တရုတ် ဝန်ကြီးချုပ် လီကျန်းက ဩစတြေးလျကို သွားရောက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Ref: CNA