မံစီရဲစခန်း၊ဧရာဝတီမြစ်ကူးတံတား(စင်းခန်း)ဂိတ်နဲ့ တပ်စခန်းတချို့ကို KIA သိမ်းပိုက်

Photo.Social Media

မေ ၊ ၇ 

ကချင်ပြည်နယ်၊ မံစီမြို့ထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ ဗန်းမော်မြို့နယ်၊ စင်းခန်းရွာမှာရှိတဲ့ ဧရာဝတီမြစ်ကူးတံတား(စင်းခန်း)ထိပ်က စစ်ကောင်စီတပ်စခန်းတို့ကို ဒီကနေ့မနက်မှာတိုက်ခိုက်သိမ်းပိုက်ထားနိုင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက DNA ကို ပြောပါတယ်။ 

“မံစီမြို့ထဲက ရဲစခန်း၊ ဒါကတချက်၊ စင်းခန်းတံတားကတော့ ဧရာဝတီမြစ်ကိုဖြတ်ကူးတဲ့ တံတား၊ အဲတံတားမှာစောင့်နေတဲ့ စခန်းတွေကို သိမ်းတာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။ 

ဗန်းမော်မြို့နဲ့ မိုင် နှစ်ဆယ်ကျော်အကွာလောက်မှာရှိတဲ့ စင်းခန်းကျေးရွာက စစ်ကောင်စီတပ်ရဲ့ ပင်မစခန်းကြီးတခုကိုတော့ KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ 

အလားတူပဲ ဗန်းမော်မြို့နဲ့ မြောက်ဘက် ငါးမိုင်လောက်အကွာမှာရှိတဲ့ မိုးမောက်မြို့ထဲက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဒီနေ့မနက်မှာပဲ KIA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကတော့ လေယာဥ်နဲ့ ဗုံးကြဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် မံစီမြို့နားမှာရှိတဲ့ မန်ရာကျေးရွာက စစ်ကောင်စီတပ်စခန်းတခုကိုလည်း သိမ်းပိုက်ရရှိထားတယ်လို့ ဆိုပါတယ်။ 

“အဲမှာတော့ အယောက် သုံးဆယ်ဝန်းကျင်လောက်ရှိတယ်၊ အဲဒါကိုလည်း ဒီမနက်သိမ်းလိုက်ပြီ” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့အနောက်ဘက် ခြောက်မိုင်ခန့်အကွာ ဗန်းမော်ကနေ စင်းခန်းသွား ကားလမ်းပေါ်မှာရှိတဲ့ မံစီမြို့မှာတော့ စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ) ၆၀၁ လည်းအခြေစိုက်ထားပြီး အဲဒီတပ်ရင်းအနီးတဝိုက်မှာပဲ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကချင်ပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး အမှတ် ၂၁စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) ၂၁ အခြေစိုက်ရာ ဗန်းမော်မြို့ရဲ့ အဓိက ဝင်ပေါက်နှစ်ခုဖြစ်တဲ့ မိုးမောက်နဲ့ မံစီမြို့တို့ကို KIA ပူးပေါင်းတပ်ကဝင်ရောက်တိုက်ခိုက်နေရာ အဲဒီမြို့နှစ်မြို့ကို သိမ်းပိုက်နိုင်ပါက ဗန်းမော်မြို့ကို KIA က ပိတ်ဆို့ထားနိုင်မယ့် အနေအထားရှိပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ KIA ရဲ့ ထိုးစစ်ကြောင့် ဗန်းမော်၊ မံစီ၊ မိုးမောက် စတဲ့မြို့နယ်တွေအတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေကတော့ ဗန်းမော်မြို့ပေါ်နဲ့ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။ 

KIA ရဲ့ နှစ်လတာထိုးစစ်အတွင်းမှာတော့ ယောယုံ၊ စိန်လုံ၊ ဂီဒွန်၊ ဆွမ်ပရာဘွမ်စတဲ့ ဗျူဟာစခန်းကြီးတွေအပါအဝင် တပ်စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းယူထားနိုင်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကိုပါ KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။