ဖယ်ခုံမြို့က ရွာတစ်ရွာမှာ လူဦးရေထက်ဝက်လောက် ဝမ်းရောဂါဖြစ်၊ ခုနှစ်လအရွယ် ကလေးငယ်တစ်ဦး သေဆုံး

ကယားပြည်နယ်၊ ဖယ်ခုံမြို့အနောက်ဘက်က အိမ်ထောင်စု၅၁စု၊ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာမှာ လူဦးရေရဲ့တဝက်နီးပါးဟာ ဝမ်းရောဂါခံစားနေရပြီး အခုရက်ပိုင်းမှာ အဲဒီရောဂါကြောင့် (၇)လအရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က DNA ကိုပြောပါတယ်။

“တော်တော်များများ ကလေးတွေက ကိုယ်တွေပူပြီး ဝမ်းလျှောနေကြတာ။ အထက်လှန်အောက်လျှောတော့ မဖြစ်သေးဘူး။ ဝမ်းကိုက်တဲ့အဆင့်ကိုတော့ ရောက်နေပြီ။ အကုန်လုံးကို ကျမ စာရင်းတွေကောက်လိုက်တော့ ကလေးအယောက် ၂၀လောက်နဲ့ လူကြီး ၃ ယောက်လောက်က အထက်လှန်အောက်လျှော ဖြစ်နေကြပြီ”လို့ မိုးဗြဲကယ်ဆယ်ရေးအဖွဲ့က ဆရာမတဦးက ပြောပါတယ်။ အဆိုပါကျေးရွာဟာ သောက်သုံးရေရှားပါးတဲ့ ဒေသလည်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကျေးရွာကိုရောက်ဖို့ မိုးဗြဲကနေ ၃ နာရီခွဲ ၄ နာရီဝန်းကျင်လောက် ကားမောင်းရတယ်လို့လည်း သိရပါတယ်။

အဆိုပါ ရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းမှာ အခြားကျေးရွာတစ်ရွာကနေ အထက်လှန်အောက်လျှောရောဂါ ဖြစ်ပွားနေတဲ့ ကလေးငယ်ကို ခေါ်လာပြီး အဆိုပါကလေးငယ်ဟာ မြေပြင်ပေါ်မှာ အညစ်ကျေးစွန့်ပြီး မဖုံးအုပ်တာကြောင့် ဖြစ်ရတယ်လို့လည်း သိရပါတယ်။

မိုးဗြဲကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ရွာကိုဆေးကုသမှုပေးရင်း ကျန်းမာရေးအသိပညာပေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် တောတောင်တွေထဲမှာ တိမ်းရှောင်နေရတဲ့ စစ်ရှောင်တသောင်းခွဲကျော်ဟာလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူဦးရေ များပြားနေတယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်ကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

Photo – Mobye Rescue Team