ဧရာဝတီတိုင်းမှာ ရခိုင်စစ်ရှောင်တွေကို အဝင်မခံ၊ ဖမ်းဆီးတာတွေရှိနေ

Photo – Google

သြဂုတ်၊ ၁၅

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်တောင်ပိုင်းဒေသကနေ ဧရာဝတီတိုင်းကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက အဝင်မခံဘဲပြန်စေလွတ်တာ၊ ဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက DNAကိုပြောပါတယ်။

ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စစ်ဘေးတိမ်းရှောင်လာတဲ့ ရခိုင်လူမျိုးတချို့ကို မြို့အဝင်စစ်ဆေးရေးဂိတ်က အဝင်မခံဘဲ ပြန်စေလွတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

အဲဒီစစ်ရှောင်တွေက ဆွေမျိုးတွေရှိရာဒေသမှာ ခိုလှုံရန်လာရောက်ကြတာဖြစ်ပြီး အဝင်မခံလို့ အခက်အခဲကြုံတွေ့ရတယ်လို့လည်းဆိုပါတယ်။

“တော်တော်များများအုပ်စုတွေမှာ စစ်ရှောင်ရခိုင်တွေဝင်လာရင် စစ်ဆေးမေးမြန်းတယ် ပြီးတော့အဝင်လည်းမခံဘူး”လို့ အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

ရခိုင်စစ်ရှောင်တွေကို တော်လှန်ရေးသမားတွေလိုပြုမူဆက်ဆံပြီးပြန်လွတ်နေတာလို့လည်းသူကဆိုပါတယ်။

 ရခိုင်တောင်ပိုင်းမှာ AAထိုးစစ်တွေစတင်ခဲ့တဲ့ ပြီးခဲ့တဲ့လပိုင်းကတည်းက စစ်ကောင်စီဟာ သံတွဲ-ဂွ-ငသိုင်းချောင်းကားလမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေတိုးပြီး တင်းကျပ်ထားတာလည်းဖြစ်ပါတယ်။ အဲလိုအခြေအနေကြားကနေသံတွဲ၊ဂွမြို့နယ်တွေက ဒေသခံတွေဟာ ဧရာဝတီနဲ့ရန်ကုန်ဖက်တွေကို စစ်ဘေးရှောင်ဖို့ ရရာနည်းလမ်းတွေနဲ့ ထွက်ခွာလာနေကြတာပါ။

မိုင်၁၃၀ ကျော်သာကွာဝေးတဲ့ ရခိုင်ပြည်နယ်သံတွဲကနေ ဧရာဝတီ တိုင်းငသိုင်းချောင်းမြို့အထိကားခတဦးကို ကျပ်နှစ်သိန်းပေးရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

“ဆယ့်နှစ်ယောက်တစီးလူစုပြီးထွက်တယ်၊ ကားခရောဂိတ်ကြေးပေးရတာရောတယောက်ကိုနှစ်သိန်”!လို့ အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေများလာလို့ အိမ်ငှားခတွေမြင့်တက်နေပြီး ငသိုင်းချောင်းမြို့မှာ အရင်ကအိမ်ငှားခတသိန်းခွဲကို အခုအခါကျပ်သုံးသိန်းအထိကျသင့်နေတာဖြစ်ပါတယ်။

ရခိုင်စစ်ဘေးရှောင်တွေကို စစ်ကောင်စီက ဧရာဝတီဖက်ကိုအဝင်မခံအပြင် ဖမ်းဆီးတာတွေလည်းရှိနေပါတယ်။

မကြာသေးခင်ကပဲ ကျုံပျော်မြို့နယ်မှာ သံတွဲဖက်ကခိုလှုံလာတဲ့စစ်ရှောင်သုံးဆယ်ကျော်ကို ဧည့်စာရင်းအကြောင်းပြပြီး စစ်ကောင်စီဖက်ကဖမ်းဆီးသွားတယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

အဲဒီဖြစ်စဥ်ကို ကျုံပျော်ခရိုင်ရဲတပ်ဖွဲ့မှူးကိုဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “ဘာသတင်းမှ တက်မလာသေးဘူး ဆိုလိုတာက ကျွန်တော် မသိသေးဘူး” လို့ပြန်ဖြေခဲ့ပါတယ်။

ဧရာဝတီတိုင်းကမြို့နယ်အများစုမှာလည်း ရခိုင်စစ်ရှောင်တွေများလာလို့ စစ်ဆေးတာတွေတင်းကျပ်လာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“AAကရခိုင်တောင်ပိုင်းပြီးရင် ဧရာဝတီနဲ့မကွေးဖက်ဝင်လာမှာကြောက်လို့လုပ်နေကြတာ”လို့ ရခိုင်ဒေသခံစစ်ရေးစောင့်ကြည့်သူတဦးကမှတ်ချက်ပြုပါတယ်။

လက်ရှိအချိန်မှာ AAကရခိုင်ပြည်နယ်၉မြို့နယ်နဲ့ ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကိုသိမ်းပိုက်ထားပါတယ်။ ဒါ့အပြင်ရခိုင်တောင်ပိုင်း သံတွဲတမြို့နယ်လုံးကိုသိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီနောက်ဆုံးလက်ကျန်ရေတပ်စခန်းကိုထိုးစစ်ဆင်နေပါတယ်။ရခိုင်အနောက်ဖက်အစွန်ဆုံးမောင်တောကိုသိမ်းပိုက်နိုင်ဖို့လည်း လက်တကမ်းသာလိုတော့ပြီး ဧရာဝတီအစပ် ဂွမြို့နယ်ကိုလည်း အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်လာနေလို့ ဂွမြို့နယ်ကဒေသခံတွေကလည်း ရန်ကုန်နဲ့ဧရာဝတီဖက်ကို တိမ်းရှောင်နေကြပြီလို့သိရပါတယ်။

“ကျွန်တော်တို့ကဧရာဝတီဖက်ရှောင်မလို့၊ ရေကြည်ဖက်မှာကအမျိုးရှိတယ်၊ရန်ကုန်ကျတော့စရိတ်ကြီးမှာကြောင့်”လို့ဂွဒေသခံတဦးကDNAကိုပြောပါတယ်။

AAထိုးစစ်စစ်ဆင်နေတဲ့ ဂွမြို့နယ်နဲ့ဧရာဝတီတိုင်းငသိုင်းချောင်းမြို့က ၅၃မိုင်သာကွာဝေးတာလည်းဖြစ်ပါတယ်။