ဖယ်ခုံမှာ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်လို့ ဆယ်တန်းကျောင်းသား နဲ့ညီဖြစ်သူ နှစ်ဦးသေဆုံး

မတ်၊ ၂

ကယားပြည်နယ်၊ဖယ်ခုံ အထိုင်စစ်ကောင်စီတပ်ရင်းရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၈ ရက်ညပိုင်းမှာပဲ ေခါင်အိကျေးရွာအုပ်စုတွင်း ဘုန်းကြီးကျောင်းမှာစာကျက်နေတဲ့ လူငယ်နှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူတွေဟာ ၁၉ နှစ်အရွယ် ၁၀ တန်းကျောင်းသားတဦးနဲ့ သူရဲ့ညီဖြစ်သူ၁၅ နှစ်အရွယ်ကလေးငယ်တဦးဖြစ်ပြီး ၈ နှစ်အရွယ်ကလေးငယ်တဦးနဲ့ အသက်လေးဆယ်အရွယ်အမျိုးသားတဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့  KNDF/B-11(Pekhon) သတင်းနှင့်ပြန်ကြားရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

“ဘေးကင်းလုံခြုံပါတယ်။တိုက်ပွဲဖြစ်တာ ၄ရက်ရှိပါပြီ ။နယ်မြေ လုံခြုံရေးအရထုတ်ပြန်ချက်တော့မလုပ်ရသေးပါဘူးခင်ဗျာ။ကလေးနှစ်ဦးသေဆုံးတာကိုအတည်ပြုပါတယ်”လို့KNDF/B-11(Pekhon)သတင်းပြန်ကြားရေးမှတာဝန်ရှိသူကDNAကိုအတည်ပြုပါတယ်။

သေဆုံးသွားတဲ့ ၁၀ တန်းကျောင်းသားနဲ့ညီဖြစ်သူကလေးငယ်ရဲ့အမဖြစ်သူဟာ CDM တဦးဖြစ်ပြီးဖယ်ခုံမြို့ပေါ်မှာရှိတဲ့သူတို့ရဲ့နေအိမ်ကိုစစ်ကောင်စီရဲ့ချိတ်ပိတ်တာခံထားရတယ်လို့လဲသိရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့်ဘုန်းကြီးကျောင်းဓမ္မာရုံနဲ့ဇရပ်ပျက်စီးခဲ့ပြီးဘုရားဆင်းတုတော်တွေ၊ မီးစက်နဲ့အခြားအသုံးအဆောင်တွေလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ဖယ်ခုံအခြေစိုက်တပ်က ဖေဖော်ဝါရီလ ၂၇ ရက်၊ည  ၉ နာရီခန့်တွင် ဖယ်ခုံမြို့ရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတရွာသို့ လက်နက်ကြီးများဖြင့် ထပ်မံ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့လည်းသိရပါတယ်။

“၂၆ ရက်နေ့ထဲကတောက်လျောက်ပစ်နေတာ ခုထိပဲ ။ခေါင်အိက လူတွေရော တချို့လဲပြေးကြတာပေါ့တိုက်ပွဲဖြစ်တာမရှိပဲနဲ့မြို့ကနေပစ်နေတာ ။အဲ့နားကရွာတွေရောရှောင်ရတယ် ။ခုဆို စစ်ရှောင် ထောင် ဂဏန်းရှိနေပြီ ။ခုကသက်သက်ကြီးပစ်လို့ကို သေကြရတာ”လို့ ဖယ်ခုံဒေသခံတဦးက DNA ကိုပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၂၇ ရက်၊ည ၈ နာရီခန့်မှာပဲ ဖယ်ခုံမြို့ရှိ  စစ်တပ်က လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်းကို လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းကို ကျရောက်ခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး ဗိုက်ပွင့် စိုးရိမ်ရ နဲ့ ၈ နှစ် အရွယ် ကလေး ၁ ဦး နံရိုးတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့​​ပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့သေးတယ်လို့လဲသိရပါတယ်။

အခုလိုစစ်တပ်ဖက်ကဖယ်ခုံမြို့နယ်အတွင်း  လက်နက်ကြီးများဖြင့် နေ့စဥ် အကြောင်းမဲ့ ပစ်ခတ်နေတာတွေရှိနေတာကြောင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် အမှတ် ၁၁ တပ်ရင်းက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။