အမှုတွေဖြစ်ရင် AA ဆီမတိုင်ကြဖို့ အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်စည်းရုံးနေ

အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လုံး၀နီးပါး အလုပ်မလုပ်တော့တဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေက နယ်ကျေးရွာတွေဆီ လှည့်ပတ်သွားလာပြီး ရခိုင့်တပ်တော် (AA)ကို မထောက်ခံဖို့၊ အမှုအခင်းတွေဖြစ်လာရင် AA ဆီမှာ မတိုင်ကြဖို့ လိုက်ပြောနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ် ချောင်းသုံးခွရွာကို မနေ့ကဖေဖော်ဝါရီ (၁၆) ရက်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရွာသားတွေကို ခေါ်ယူကာ အဲဒီလို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“AA နဲ့ အဆက်အစပ်မလုပ်ဖို့ ပြောတယ်၊ ပြီးတော့ ရွာမှာ အမှုကိစ္စတွေဖြစ်ရင်လည်း သူတို့ဆီမှာပဲ တိုင်ဖို့၊ AA ကို သွားမတိုင်ဖို့ ပြောတယ်၊ AA က မတရားအသင်းဖြစ်တယ်၊တရားလည်း မဝင်ဘူး၊ AA မှာတိုင်ရင် ဖမ်းလို့ရတယ် အဲလိုမျိုးတွေ ပြောပါတယ်”လို့ အမည်မဖော်လိုတဲ့ အဲဒီရွာသားတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ချောင်းသုံးခွရွာအပြင် တောင်ကုတ်မြို့နယ်အတွင်းက ပန်းထော်၊ ကုလရောင်စတဲ့ တခြား ကျေးရွာတွေကိုလည်း သွားရောက်ပြီး AA နဲ့ အဆက်အစပ်မလုပ်ဖို့ ပြောဆိုတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ လတွေအတွင်းမှာလည်း ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေဖြစ်ကြတဲ့ သံတွဲ၊ မာန်အောင်၊ အမ်း စတဲ့မြို့နယ် တွေက နယ်ကျေးရွာတွေဆီကိုလည်း အလားတူ လာရောက်စည်းရုံးမှု‌တွေ ရှိတယ်လို့ ပြောကြပါတယ်။

“သူတို့ ရွာတွေကို လာပြီး စခန်းချနေကြတယ်၊ ပြီးတော့ AA နဲ့ အဆက်အစပ်လုပ်ရင် ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး ခြိမ်းခြောက်တာပေ့ါ၊ အဲလိုမျိုး အရင်တုန်းကလည်း လုပ်တယ်၊ အခုလည်း ပြန်လုပ်နေတယ်”လို့ အမ်းမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရခိုင်မြောက်ပိုင်းမြို့နယ်တွေအပြင် တောင်ကုတ်အပါအဝင် တောင်ပိုင်းမြို့ နယ်တွေမှာလည်း AA က ဖွင့်လှစ်ထားတဲ့ တရားရုံးတွေ ရှိနေတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောကြပါ တယ်။

“ပြည်သူတွေက သူတို့ (စစ်ကောင်စီ)ကို မယုံကြတော့ဘူး၊ အားလည်း မကိုးကြတော့ဘူးလေ၊ အဲဒါကို သူတို့က လိုက်ပြီးတော့ စည်းရုံးရေး ဆင်းနေတယ်လို့ ထင်ပါတယ်”လို့ အမ်းမြို့နယ်က တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ရခိုင်မှာ နှစ်နှစ်ကျော်ကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီး အပစ်အခတ်တွေ ရပ်စဲခဲ့တဲ့၂၀၂၀ လောက်ကတည်းက AA ဟာ တရားစီရင်ရေး၊ အ ခွန်ကောက်ခံရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့တာဖြစ်ကာ ဒေသခံတွေဟာလည်း ရပ်၊ ရွာမှာ အမှုအခင်းတွေ ဖြစ်လာရင် AA တရားရုံးတွေမှာပဲ တိုင်ကြားလာခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခု နို၀င်ဘာလအထိ AA ရဲ့ တရား ရုံးတွေဆီတိုင်ကြားလာတဲ့ ရာဇ၀တ်မှုပေါင်း ၄၃၆၅ နဲ့ တရားမ မှုပေါင်း ၅၃၆၆ မှု၊ အမှုစုစုပေါင်း ၉၇၃၁ မှု ရှိခဲ့တယ်လို့ပြီးခဲ့တဲ့ နို၀င်ဘာ ၂၈ ရက် က ပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ AA က ထုတ်ပြောထားပါတယ်။

စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့တက္ကသိုလ်ကျောင်းသူတဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စွပ်စွဲခံထားရသူ ကို ULA/AAရဲ့ တရားရုံးတခုက အခုလအတွင်း မှာပဲ သေဒဏ်ချမှတ်ထားပါသေးတယ်။

Photo – AA Infodesk