ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာနီးပါးကို ဘင်္ဂလားဒေရှ့် အခုပတ်အတွင်း ပြန်ပို့မယ်

မတ်၊ ၃၁
 
ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်းတိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးကို အခုပတ်အတွင်း မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ အာဏာပိုင်တွေကပြောကြောင်း ဘင်္ဂလားဒေရှ့်သတင်းဌာနတွေမှာ ရေးသာထားပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် အောင်သပြေ နယ်ခြားစောင့်ရဲစခန်းမှ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်စဉ် အလုံးအရင်းနဲ့ ထွက်ပြေးသွားခဲ့ကြတာပါ။
 
သူတို့ဟာ အောင်သပြေစခန်းကနေ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ်ထဲသို့ ပြေးဝင်ခဲ့တာဖြစ်ပြီး အခုလာမယ့် ဧပြီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အတွင်း ပြန်ပို့နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်နေကြောင်း နတ်ကျော်ဆရီမြို့အရာရှိက ပြောထားပါတယ်။
 
ဒါပေမယ့် ပြန်ပို့မယ့်နေရာဒေသကိုတော့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားထားတာမရှိပါဘူး။
 
“ဒီဘက်ပြန်ပို့ရင် ဒီကောင်တွေအကုန်လုံး ရခိုင်ကိုပဲ ပြန်ရောက်လာကြမယ်ထင်တယ်၊ နယ်စပ်တွေမှာ တိုက်ပွဲဖြစ်ပြီဆိုရင် အကုန်ထွက်ပြေးကြတော့တာပဲ၊ AA ထိုးစစ်ကို မခံနိုင်တော့ဘူး၊ အသက်မသေရရင် ပြီးရောဆိုပြီး ပြေးကြတော့တာ”လို့ ရခိုင်ဒေသခံစစ်တပ်အရာရှိဟောင်းတဦးက ပြောပါတယ်။
 
ရက္ခိုင့်တပ်တော်(AA)ဟာ အောင်သပြေ နယ်ခြားစောင့်စခန်းကို မတ်လ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ထွက်ပြေးသွားကြတာမို့ ၁၁ ရက်နေ့မှာပဲ အပြီးပြတ်သိမ်းနိုင်ခဲ့ပါတယ်။
 
အဲဒီနယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားခဲ့ကြတဲ့ စစ်ကောင်စီလက်အောက်ခံတပ်သားတွေဟာ သူတို့ လက်လွှတ်ထားခဲ့တဲ့ အောင်သပြေစခန်းရှိ စားနပ်ရိက္ခာနဲ့ ရေတို့မှာ အဆိပ်တွေ လူးသုတ်ထားခဲ့ကြတယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်း မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုမြို့ရှိ တပ်စခန်းတွေကို AA တိုက်ခိုက်တုန်းကလည်း စစ်ကောင်စီလက်အောက်ခံ သုံးရာကျော်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်ပို့ခဲ့ပါတယ်။
 
ဒါ့အပြင် AA က သိမ်းပိုက်ထားပြီးဖြစ်တဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်သား ရာချီဟာ အိန္ဒိယနိုင်ငံဘက်ထွက်ပြေးခဲ့ကြပါသေးတယ်။ လက်ရှိမှာ AA ရဲ့ ထိုးစစ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ဆီ ထွက်ပြေးသွားခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တထောင်ကျော်ထိ ရှိနေပြီဖြစ်ပါတယ်။
 
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကတည်းက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်ဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတဲ့ဖြစ်စဉ်တွေ မကြာခဏ ဖြစ်နေခဲ့တာပါ။
 
ဓာတ်ပုံ – Ukhiya News