ဖမ်းဆီးခံပြည်သူတွေ လွတ်မြောက်ရေး ကြိုးပမ်းနေတယ်လို့ AA ပြော

ရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ဒေသခံတွေနဲ့ ULA/AA တပ်ဖွဲ့ဝင်တွေပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းနေပြီး အပစ်ရပ်ထားတာကြောင့် လွတ်မြောက်ဖို့ အလားအလာကောင်းတွေရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခကနိုဝင်ဘာ (၂၈) ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

“အပြစ်မဲ့ပြည်သူတွေ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတာတွေကနေပြီးတော့ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ ULA/AA အနေနဲ့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေတာတွေရှိပါတယ်”လို့ သူကပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ နှစ်လအတွင်း ရခိုင်နဲ့ ပလက်၀က အပြစ်မဲ့အရပ်သားပြည်သူပေါင်း (၃၂၄) ဦးကို ဖမ်း ဆီးခဲ့ပြီး အဲဒီ အထဲက (၈၅) ဦးကိုပဲ ပြန်လွှတ်ပေးသေးကာ (၂၃၉) ဦးဟာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံနေရ ဆဲဖြစ်တယ်လို့ ရခိုင့်တပ်တော် AA က ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကနေ အခုလ ၂၈ ရက်အထိ နှစ်လတာကာလအတွင်း စစ်ကောင်စီက ဖမ်း ဆီးခဲ့တဲ့ အရပ်သားတွေထဲမှာ အသက် (၁၈) နှစ်မပြည့်သေးသူတွေ၊ ကျောင်းသားတွေ၊ ဆရာ ဝန်တွေ၊ ကျောင်းဆရာတွေ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါဝင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ULA/AA တပ်ဖွဲ့ဝင်တွေကို လိုက်ဖမ်းတာ၊ ULA/AA သံသယရှိသူတွေရဲ့ နေအိမ်တွေကို စီးနင်း ဝင်ရောက်ရှာဖွေတာ၊ ပြည်သူတွေကို ULA/AA ဆိုပြီး မတရားစွပ်စွဲ ဖမ်းဆီးတာတွေကို လုပ်ဆောင်ခဲ့ပြီး ထပ်ပြီးလည်း လုပ်နေသေးတယ်လို့ AA ပြောခွင့်ရခိုင်သုခက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစု၀င်တွေနဲ့ ဒေသခံတွေကလည်း စစ်ကောင်စီက ဖမ်းဆီးထားသူတွေဟာ အပြစ်မရှိဘဲ အဖမ်းခံခဲ့ကြရသူတွေ ဖြစ်တဲ့အတွက် အမြန်ဆုံးပြန်လွှတ်ပေးစေလိုတယ်လို့ ပြောကြပါတယ်။

“သားတစ်ယောက်လုပ်တာကို စားနေတာ၊ အခု သားလည်း အဖမ်းခံရထားရတော့ အခက်အခဲရှိတာပေ့ါ၊ လွှတ်ပေး‌‌ဖို့ တောင်းဆိုပါတယ်၊ ဒီကလေးတွေမှာ ဘာမှ အပြစ်မရှိဘူးလေ”လို့ သားဖြစ်သူဖမ်းဆီးခံထားရတဲ့ ပုဏ္ဏားကျွန်းမြို့နယ်က မိခင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သူတွေအထဲမှာ စစ်ကြောရေးအတွင်း ရိုက်နှက်၊ နှိပ်စက်ခံခဲ့ကြရသူတွေလည်းရှိနေပြီး တချို့ကတော့ ပြင်းထန်ဒဏ်ရာတွေရကာ ဆေးရုံတက်ကုသကြရတယ်လို့ ပြန်လွှတ်လာသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကနေ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူပေါင်း ၁၆၄၆၂ ဦး ရှိခဲ့ပြီး ၁၂၉၉၀ ဦးမှာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူ ညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားပါတယ်။

ရခိုင်မှာ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် AA နဲ့ စစ် ကောင်စီတပ်တို့ နိုဝင်ဘာ (၂၆)ရက်ကစတင်ကာ နှုတ်သဘောတူညီချက်နဲ့ အပစ်ရပ်ထားတယ်လို့ နှစ်ဖက်ပြောရေး ဆိုခွင့်ရှိသူတွေက ထုတ်ပြော ထားကြပါတယ်။

AA ဘက်ကလည်း စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ စစ်ကောင်စီ တပ်အရာရှိတွေ ၊ ရဲတပ်ဖွဲ့၀င်တွေ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၀င်တွေကို ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး ဆယ်ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ဒေသတွင်း သတင်းဌာနတွေကဖော်ပြကြပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေအတွင်း အရှင်ဖမ်းဆီးရထားတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိနေတယ်လို့ AA ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။