ဂါဇာစစ်ပွဲနောက်ပိုင်း အစ္စရေးမှာ အကြီးဆုံး ဆန္ဒပြပွဲတွေ ဖြစ်ပွား

ဧပြီ၊ ၁

ဂါဇာစစ်ပွဲ ကာလတလျှောက် အစ္စရေး နိုင်ငံမှာ အကြီးမားဆုံး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့က ဟားမားစ် ပြောက်ကျားတွေ နယ်စပ်ဖြတ်ကျော်ပြီး အလစ်အငိုက် စီးနင်း တိုက်ခိုက်မှုကြောင့် အစ္စရေး ပြည်သူတရပ်လုံး အထိတ်တလန့် သွေးစည်းသွားခဲ့သလို အစိုးရရဲ့ ဂါဇာထိုးစစ်ကိုလည်း ထောက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့ ၆ လလောက် ကြာမြင့်လာချိန်မှာတော့ အစ္စရေးရဲ့ လမ်းမတွေပေါ်ကို ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ ကွဲပြားတဲ့ ရည်ရွယ်ချက်မျိုးနဲ့ နောက်တခါ ထွက်ပေါ်လာကြပြန်ပါတယ်။ ဒီတကြိမ်မှာတော့ ဆန္ဒပြသူတွေဟာ ကာလရှည်ကြာ ဝန်ကြီးချုပ် တာဝန်ယူထားသူ ဘင်ယာမင် နေတန်ယာဟူ ဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်ဖို့ ဖြစ်ပါတယ်။

ဂျေရုဆလင်မြို့မှာတော့ ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ ပဋိပက္ခ ဖြစ်ခဲ့ပြီး ရဲတွေက မီးသတ်ပိုက်တွေ အသုံးပြုရင်း လူစုခွဲဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် မြို့ရဲ့ တောင်မြောက် သွယ်တန်းထားရာ ဘီဂင် ဘူလီဗက် လမ်းမကြီးကိုလည်း ဆန္ဒပြသူတွေက ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပါတယ်။

ဆန္ဒပြသူတွေ အဓိက မကျေနပ်တဲ့ အကြောင်းတရား တခုကတော့ ဟားမားစ်တွေ လက်ထဲမှာ ထိန်းသိမ်း ခံထားရဆဲဖြစ်တဲ့ အစ္စရေး ဓားစာခံ ၁၃၀ လောက် လွတ်မြောက်ရေးအတွက် အစိုးရက ထိထိရောက်ရောက် မဆောင်ရွက်နိုင်တာကိုပါ။ အဲဒီထဲက ၃၀ ဝန်းကျင်လောက်ထိ သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း ယူဆရပါတယ်။

စစ်ပွဲက ဆက်လက် ရှည်ကြာနေပြီး အစိုးရဆီက ပြတ်သားတဲ့ ဖြေရှင်းနိုင်စွမ်းမျိုး မမြင်ရရင် ဓားစာခံတွေ သေဆုံးမှု ပိုများပြားလာမယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

အစ္စရေး အစိုးရကတော့ ဆန္ဒပြသူတွေ ဒေါသထွက်ပြီး ပစ်မှတ်ထားရမှာက နိုင်ငံရဲ့ အစိုးရ မဟုတ်ဘဲ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ ဟားမားစ်တွေသာ ဖြစ်တယ်ဆိုတာကို မမေ့သင့်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

 

Ref: CNA