ထိုင်း-မြန်မာနယ်စပ် စစ်ဘေးရှောင် တထောင်ကျော်အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်

မေ၊ ၂၂

ထိုင်း-မြန်မာနယ်စပ်မယ်ထော်ကလေးနှင့် မယ့်လပန်ကြားက စစ်ရှောင်စခန်းတခုက စစ်ဘေးရှောင်တထောင်ကျော် အတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာ လိုအပ်မှုရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

” ကျမတို့အခုစားရတာက ဆန်ကြမ်းပဲ။အဲ့ဆန်းကြမ်းတောင် နပ်မမှန်ချင်ဘူးဖြစ်နေတော့ အလှူရှင်ကိုပဲမျှော်နေရတယ်။နေမကောင်းရင်တောင် ဆေးဝယ်သောက်ဖို့ ပိုက်ဆံမရှိတော့ တပတ်တခါလာကူပေးတဲ့ ဆရာဝန်လေးတွေကိုပဲမျှော်နေရတယ်” လို့စစ်ရှောင်စခန်းတွင်နေထိုင်သူတဦးကပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာအိမ်ခြေ ၁၈၀ ၊လူဦးရေ တထောင်ကျော်ရှိပြီး အများစုမှာ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ မကြာမဏဖြစ်ပွါးနေတဲ့ပဲခူးတိုင်းအရှေ့ဖက်ခြမ်း၊အနောက်ဖက်ခြမ်း၊ဒိုက်ဦးနဲ့လက်ပံတန်းမြို့နယ်တွေကအရပ်သားအများစုခိုလှုံနေထိုင်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေထဲမှာအသက်ငါးနှစ်ကနေ၁၅နှစ် ဝန်းကျင် ကလေးငယ်ပေါင်းတရာကျော်လောက်ရှိပြီး သူတို့ဆီမှာ နေထိုင်သွးလာခွင့်အထောက်အထားရောငွေကြေးရောမရှိတဲ့အတွက်ကြောင့်  ကျောင်းနေခွင့်မရရှိကြဘဲ ပညာရေး ပိုင်းမှာအခက်အခဲရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ရှောင်စခန်းမှာလူတိုင်းနီးပါး  အလုပ်လုပ်ကိုင်နေရပြီးနေစဉ်အသက်မွေးဝမ်းမှု လုပ်ငန်းမှာ လယ်လုပ်ငန်းတွင် လုပ်ကိုင်ရခြင်းဖြစ်ကာတနေ့တာအတွက် လုပ်အားခ ၁၅ဝဘတ်(မြန်မာငွေ ၁၂၅၀၀ ကျပ်ခန့်) သာရရှိကြပါတယ်။

 ”  တရက်ကိုမှ ၁၅ဝပဲရတာဆိုတော့ ကျွန်မတို့အတွက် စားဝတ်နေရေးက ကျပ်တည်းတာပေါ့။အထောက်အထားလည်းမရှိတော့ ဘယ်မှသွားလို့မရဘူး။အဲ့တော့ ပိုပြီးအဆင်မပြေဖြစ်တာပေါ့ ” လို့စစ်ရှောင်တဦးက ပြောပါတယ် ။

စစ်ရှောင်တွေဟာ  နေရပ်စွန့်ခွာထွက်ပြေးလာတာ ၂နစ်ဝန်းကျင်ရှိနေပြီဖြစ်ပြီး လက်ရှိမှာလည်း သူတို့ဒေသမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ စိုးရိမ်မှုတွေကြောင့် အခုချိန်ထိနေရပ်မပြန်နိုင်ကြတာလို့ဆိုပါတယ်။

စားဝတ်နေရေး မလုံလောက်သောကြောင့် အိမ်ထောင်သည်အမျိုးသမီးတွေပါ အလုပ်လုပ်ကိုင်နေရပေမယ့် ယောက်ျားလေးတွေထက် လုပ်အားခ ပိုနည်းတယ်လို့လည်း အလုပ်လုပ်ကိုင်နေတဲ့အမျိုးသမီးတွေက ပြောကြပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်းရှိစစ်ရှောင်အများစုမှာ အလုပ်သမားတွေဖြစ်ကြပြီး အသက်၂ဝကျော်နဲ့ ၆ဝကြားရှိအရွယ်များမှာသွေးတိုး၊ဆီးချို၊ဖျားနာနှင့် အစာအိမ်ရောဂါအများစု ဖြစ်ပွားနေပေမယ့် တပတ်တခါလာကုပေးတဲ့ CDM ဆရာဝန်တွေကိုသာအားထားနေရတယ်လို့လည်း သိရပါတယ်။

‘’အဓိက လိုတာကတော့ စားဖို့ဆန်နဲ့ဆီပေါ့။( ကျန်းမာရေးအနေနဲ့က) နေမကောင်းရင်တောင် ဆေးဝယ်သောက်ဖို့ ပိုက်ဆံမရှိတော့ တပတ်တခါလာကူပေးတဲ့ ဆရာဝန်လေးတွေကိုပဲမျှော်နေရတယ်”လို့ စစ်ရှောင်တဦးက ပြောပါတယ်။

 Photo-CJ