
သြစတြေးလျ၊ ဘရာဇီးနဲ့ အင်ဒိုနီးရှား အပါအဝင် နိုင်ငံတွေဟာ ကလေးတွေ ဆိုရှယ်မီဒီယာသုံးစွဲနိုင်မှုအတွက် အသက်အရွယ်အပေါ် အခြေခံတဲ့ ကန့်သတ်ချက်တွေ ဒါမှမဟုတ် လိုအပ်ချက်တွေကို မိတ်ဆက်တာနဲ့ ကြေညာတာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
၁၁၊ ဇွန်။
ကနေဒါအစိုးရဟာ ဆိုရှယ်မီဒီယာကုမ္ပဏီတွေဘက်က သူတို့ရဲ့ ပလက်ဖောင်းတွေကို စိတ်ချရအောင် လုပ်ဆောင်နိုင်တယ်ဆိုတာကို သက်သေမပြနိုင်မချင်း အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာအကောင့် ဖွင့်ခွင့်ပိတ်ပင်မယ့် ဥပဒေကြမ်းတခုကို လွှတ်တော်ထံ တင်သွင်းလိုက်ပါတယ်။
ကနေဒါအစိုးရဟာ အွန်လိုင်းအန္တရာယ်ကင်းရှင်းရေးကို တင်းကျပ်ဖို့ ကမ္ဘာတဝန်းက ကြိုးပမ်းလာကြတဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတာ ဖြစ်ပါတယ်။ ကနေဒါအစိုးရ တာဝန်ရှိသူတွေကတော့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေအနေနဲ့ လုံလောက်တဲ့ အကာအကွယ်ပေးမှုတွေ ပြုလုပ်ထားရင် ပိတ်ပင်မှုကနေ ကင်းလွတ်ခွင့် ရနိုင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ ကလေးတွေကို ကာကွယ်ပေးဖို့ ပျက်ကွက်နေကြပါတယ်။ တော်လောက်ပါပြီ” လို့ကနေဒါနိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီး မာ့ခ် မီလာက ပြောပါတယ်။ “ကျွန်တော်တို့အနေနဲ့ အခြေခံကျတဲ့ အကာအကွယ်ပေးမှုတွေ ရှိနေဖို့ လိုအပ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ဥပဒေကြမ်းဟာ ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ဖို့ လှုံ့ဆော်တဲ့အကြောင်းအရာတွေ၊ အကြမ်းဖက်မှုကို ဖြစ်စေပြီး အမုန်းတရား ပွားများစေတဲ့အကြောင်းအရာတွေနဲ့ ကာယကံရှင်သဘောတူညီချက်မပါတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုံရိပ်တွေ အပါအဝင် အန္တရာယ်ရှိတဲ့ အကြောင်းအရာ ခုနစ်မျိုးကို လွှမ်းခြုံထားပါတယ်။
ဒါ့အပြင် ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးဆိုင်ရာ ကော်မရှင်တခုကိုလည်း ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုအချက်တွေနဲ့ ကိုက်ညီရင် ကင်းလွတ်ခွင့်ပေးမလဲဆိုတဲ့ စံသတ်မှတ်ချက်တွေကိုတော့ နောက်ပိုင်းမှ ကြေညာသွားမှာ ဖြစ်ပါတယ်။ ဝန်ကြီး မီလာကတော့ အခုလို ထိန်းကျောင်းကြပ်မတ်မယ့် အဖွဲ့အစည်းကို ဖွဲ့စည်းဖို့ ၁၈ လအထိ ကြာမြင့်နိုင်တယ်လို့ ပြောပါတယ်။
ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေအနေနဲ့ သူတို့ဟာ ဘေးကင်းစိတ်ချရတယ်ဆိုတာကိုသက်သေပြဖို့ လိုအပ်မယ်လို့ မီလာက ပြောပါတယ်။ အသက်အရွယ် မှန် မမှန် စစ်ဆေးတဲ့စနစ်ကိုလည်း အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
သြစတြေးလျ၊ ဘရာဇီးနဲ့ အင်ဒိုနီးရှား အပါအဝင် နိုင်ငံတွေဟာ ကလေးတွေ ဆိုရှယ်မီဒီယာသုံးစွဲနိုင်မှုအတွက် အသက်အရွယ်အပေါ် အခြေခံတဲ့ ကန့်သတ်ချက်တွေ ဒါမှမဟုတ် လိုအပ်ချက်တွေကို မိတ်ဆက်တာနဲ့ ကြေညာတာတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ စပိန်၊ ဒိန်းမတ်၊ ထိုင်းနဲ့ တောင်ကိုရီးယား အပါအဝင် အခြားနိုင်ငံတွေကလည်းအလားတူ ချဉ်းကပ်မှုမျိုးတွေကို လေ့လာနေ ဒါမှမဟုတ် ဖော်ထုတ်နေကြပါတယ်။
ကနေဒါနိုင်ငံမှာ အရွယ်ရောက်ပြီးသူတွေအတွက် သီးသန့်ဖြစ်တဲ့ အကြောင်းအရာတွေကို ဝန်ဆောင်မှုပေးနေတဲ့ ပလက်ဖောင်းတွေကတော့ ဘယ်လိုကင်းလွတ်ခွင့်မျိုးမှ ရရှိမှာ မဟုတ်ပါဘူး။
ဥပဒေကြမ်းဟာ ဉာဏ်ရည်တု (AI) ချတ်ဘော့တ်တွေရဲ့ နောက်ကွယ်က ကုမ္ပဏီတွေကိုလည်းထိန်းချုပ်သွားမှာ ဖြစ်ပြီး အကျပ်အတည်းကြုံလာရင် ကြားဝင်ဖြေရှင်းမယ့် လုပ်ထုံးလုပ်နည်းတွေလိုမျိုး အစီအမံတွေကတဆင့် တာဝန်သိသိ လုပ်ဆောင်ဖို့ တာဝန်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးတွေ ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ပိတ်ပင်ခဲ့ပြီးကတည်းက ကလေးတွေပိုင်ဆိုင်ကြောင်း စိစစ်တွေ့ရှိရတဲ့ အကောင့်ပေါင်း ၄.၇ သန်းခန့်ကို ဆိုရှယ်မီဒီယာကုမ္ပဏီတွေက သုံးစွဲခွင့် ပိတ်သိမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ ဥပဒေဟာ သြစတြေးလျမှာ နည်းပညာအသုံးပြုမှု၊ ပုဂ္ဂိုလ်ရေးလုံခြုံမှု၊ ကလေးသူငယ်ဘေးကင်းရေးနဲ့ စိတ်ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ငြင်းခုံဆွေးနွေးမှုတွေကို ဖြစ်ပေါ်စေခဲ့သလို တခြားနိုင်ငံတွေကိုလည်း အလားတူအစီအမံတွေ စဉ်းစားလာဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။
ကနေဒါအစိုးရ တာဝန်ရှိသူတဦးက သတင်းထောက်တွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ အာဏာပိုင်တွေအနေနဲ့ သြစတြေးလျနိုင်ငံဆီကနေ သင်ခန်းစာတွေ ယူဖို့ ကြိုးစားသွားမယ်လို့ ပြောကြားပါတယ်။
ကနေဒါ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဗဟိုဌာနရဲ့ အမှုဆောင်ဒါရိုက်တာ လီယန်နာမက်ဒေါ်နယ်ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ငွေညှစ်မှုတွေ သိသိသာသာ မြင့်တက်လာနေတာကို ထောက်ပြပြီး အခုလို လုပ်ဆောင်မှုကို ကြိုဆိုချီးကျူးထားပါတယ်။
Ref – The Guardian