
“ပြည်သူအတွက် အကျိုးရှိတဲ့အဆိုတွေ၊ မေးခွန်းတွေဆိုရင်တော့ ခွင့်ပြုပေးဖို့ လိုတယ်။ သူတို့ပါတီက တင်တဲ့အဆိုမှပဲ ခွင့်ပြုမယ်ဆိုတာကတော့ အာဏာရှင်ဒီမိုကရေစီပဲ ဖြစ်လိမ့်မယ်”
၁၁၊ ဇွန်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အမတ်က တင်သွင်းခဲ့တဲ့ လမ်းဘေးစျေးသည်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေး၊ ကျန်းမာရေးနဲ့ ညီညွှတ်စေရေး၊ သန့်ရှင်းသပ်ရပ်မှုမြှင့်တင်နိုင်ရေးဆိုင်ရာ မူဝါဒတရပ်ချမှတ်ဆောင်ရွက်ပေးဖို့အဆို ကြံ့ခိုင်ရေးအမတ်တွေ ကြီးစိုးတဲ့ ဧရာ၀တီတိုင်းလွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာထားဖို့ မဲခွဲဆုံး ဖြတ်လိုက်ပါတယ်။
PPP ပါတီ အနိုင်ရလွှတ်တော်အမတ် ကျိုက်လတ်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ဦးဇော်ဝေထက်က တင်သွင်း ထားတဲ့ အဲဒီအဆိုကို ဒီနေ့ ဇွန်လ ၁၁ ရက်နေ့ ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ငါးဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၅၄ မဲ၊ ထောက်ခံမဲ ၁၃ နဲ့ ရှုံးနိမ့်ခဲ့တာပါ။
“တကယ်ဆိုရင် ဒီအဆိုက အတည်ပြုရမယ့် အဆိုပါ။ ကြံ့ခိုင်ရေးကလည်း ထောက်ခံတဲ့သူရှိပါတယ်။ အစိုးရအဖွဲ့က မှတ်တမ်းတင်ထားပါလို့ တင်ပြတာလည်း ပါတာပေ့ါ” လို့ အဲဒီအဆိုကို ထောက်ခံခဲ့တဲ့ အမည်မဖော်လိုသူ လွှတ် တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ဧရာ၀တီတိုင်းလွှတ်တော်အစည်းအဝေးမှာ စစ်တပ်က လာတဲ့ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ် စားလှယ် နှစ်ခုပေါင်း ၅၅ ဦးရှိပြီး တခြားပါတီတွေရဲ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၇ ဦးသာ ရှိ တာပါ။
လမ်းဘေးစျေးသည်တွေဟာ စားဝတ်နေရေးအတွက် ရောင်းချနေကြတာ မှန်ပေမယ့် စည်းကမ်းစနစ်တကျနဲ့ ရောင်းဝယ်ဖောက်ကားပြိး သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံတွေ၊ အစားအသောက်တွေကို ရောင်းချရင် ဝယ်ယူစား သုံးတဲ့ ပြည်သူတွေအဖို့ ကျန်းမာရေးနဲ့ ညီညွတ်စေမှာဖြစ်တယ်လို့ ရေကြည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးခင် စိုးက အဆိုကို ထောက်ခံဆွေးနွေးခဲ့ပါတယ်။
ရောင်းချတဲ့ဆိုင်တွေကို စနစ်တကျ စီမံပေးခြင်းအားဖြင့် စျေးဝယ်သူတွေနဲ့ ခရီးသွားပြည်သူတွေလည်း အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ပြီး စွန့်ပစ်အမှိုက်တွေကို စနစ်တကျစွန့်ပစ်ကြဖို့ စီမံခန့်ခွဲပေးနိုင်ရင် မြို့အင်္ဂါရပ်နဲ့ ပြည်စုံစေကာ သန့်ရှင်းသပ်ရပ်တဲ့ လမ်းဘေးစျေးဆိုင်တန်းတွေ ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ထောက်ခံအတည်ပြုသင့်တဲ့အဆိုတခုကို ကန့်ကွက်မဲအရေအတွက်အများစုနဲ့ ပယ်ချခဲ့တာဟာ ကြံ့ခိုင်ရေးကြီးစိုးတဲ့ လွှတ်တော်မှာ တခြားပါတီကိုယ်စားပြုလွှတ်တော်အမတ်တွေတင်တဲ့ လွတ်လပ်စွာ အဆိုတင်သွင်းခွင့်၊ မေးခွန်းမေး မြန်းခွင့်မရှိဘူးဆိုတာ ပေါ်လွင်နေတယ်လို့ ဟင်္သာတမြို့နယ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
“ပြည်သူအတွက် အကျိုးရှိတဲ့အဆိုတွေ၊ မေးခွန်းတွေဆိုရင်တော့ ခွင့်ပြုပေးဖို့ လိုတယ်။ သူတို့ပါတီက တင်တဲ့အဆိုမှပဲ ခွင့်ပြုမယ်ဆိုတာကတော့ အာဏာရှင်ဒီမိုကရေစီပဲ ဖြစ်လိမ့်မယ်” လို့ သူက မှတ်ချက်ပေးပါတယ်။
ဒီနေ့ကျင်းပတဲ့ ဧရာ၀တီတိုင်းလွှတ်တော်အစည်းအဝေးမှာ ဦးဇော်ဝေထက်ရဲ့ အဆိုအပြင် မေးခွန်းဆယ်ခု မေးမြန်း ခဲ့ပါတယ်။ တိုင်းလွှတ်တော်အစည်းအဝေးတွေကို ဆက်တိုက်ကျင်းပသွားမှာဖြစ်ပြီး ဒီလကုန်ထိ ကျင်းပဖို့ရှိနေ တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
စစ်အစိုးရဟာ တိုင်းလွှတ်တော်အစည်းအဝေးတွေကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ စတင်ကျင်းပခဲ့တာပါ။ သင်္ကြန်မတိုင်ခင်ကတည်းက ရပ်နားခဲ့တဲ့ အစည်းအဝေးတွေကို အခုအခါပြန်လည် ကျင်းပနေတာ ဖြစ်ပါတယ်။
ထိုင်ခုံ ၇၂ နေရာရှိတဲ့ ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၁၈ ဦး၊ ကြံ့ခိုင်ရေးပါတီမှ ၃၇ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၇ ဦး၊ ပြည်သူ့ပါတီမှ ၃ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၃ ဦး၊ ကရင်ပြည်သူ့ပါတီမှ ၃ ဦး(ကရင်တိုင်းရင်းသားရေးရာဝန်ကြီးတဦးပါဝင်)နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦးတို့ အသီးသီး ထိုင်ခုံရထားကြတာပါ။
ဒ့ါကြောင့် ဧရာ၀တီတိုင်းလွှတ်တော်ထဲက ထိုင်ခုံတွေကို ရေတွက်ကြည့်ရင် စစ်တပ်က ၂၅ ရာခိုင်နှုန်း၊ စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ တစညပါတီ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့က ၆၁ ဒသမ ၃ ရာခိုင်နှုန်း၊ဖြစ်တဲ့အတွက် စုစုပေါင်း ၈၆ ဒသမ ၃ ရာခိုင်နှုန်းကို အသာစီးယူထားပြီး ကျန်ပါတီတွေက ထိုင်ခုံအားလုံးရဲ့ ၁၃ ဒသမ ၇ ရာခိုင်နှုန်းပဲ ရထားတာဖြစ်ပါတယ်။
ဧရာ၀တီတိုင်းထဲမှာ ဝင်ပြိုင်ခဲ့တဲ့ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ)၊ မြန်မာနိုင်ငံတောင်သူ လယ်သမားအလုပ်သမားပြည်သူ့ပါ တီတို့ကတော့ တိုင်းလွှတ်တော်ထဲ ထိုင်ခုံနေရာ တခုမှ မရကြပါဘူး။
အာဏာသိမ်းစစ်ကော်မရှင်တပ်က စိတ်ကြိုက်စီစဉ်ကျင်းပခဲ့တာမို့ အဲဒီလို စစ်တပ်ပါတီ ကြံ့ခိုင်ရေးက နေရာအား လုံးနီးပါအနိုင်ရခဲ့တာဖြစ်ပြီး လွှတ်တော်ထဲမှာလည်း ပြည်သူ့အသံတွေကို ထင်ဟပ်စေဖို့ ခက်ခဲနိုင်တယ်လို့ ဒေသခံ ၊ နိုင်ငံရေးပါတီတွေနဲ့ လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။