ကလေးတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ ကာကွယ်ဆေး

မတ်၊ ၁၈

“ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ ရောဂါများဖြင့် ကလေးငယ်များသေဆုံးရခြင်းကို ရပ်တန့်ဖို့အတွက် ကာကွယ်ဆေးကအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်”

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့Unicefကအဲ့ဒီလိုပြောပါတယ်။ အသက်ရှည်ရှည်နေထိုင်နိုင်အောင်ပံ့ပိုး ပေးဖို့အတွက် ကာကွယ်ဆေးထိုးနှံဖို့လိုတယ်လို့လည်း ဆိုထားပါသေးတယ်။

ဒါပေမယ့် တနိုင်ငံလုံး ဒေသအနှံအပြားမှာ သွေးထွက်သံယိုမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဖုံးလွှမ်းနေတဲ့ စစ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံက ကလေးငယ်တွေကတော့ မိသားစုတွေနဲ့အတူ ရှင်သန်ကျန်ရစ်နိုင်ဖို့ ပြေးလွှားရုန်းကန်နေကြရတာပါ။

ဒီအခြေအနေတွေအောက်မှာ ပုံမှန်ကာကွယ်ဆေးထိုးမှုအစီအစဉ်တွေဟာလည်း အဲ့ဒီကလေးငယ်တွေရဲ့ အဝေးမှာသာရှိနေပါတော့တယ်။

ပုံမှန်ကာကွယ်ဆေးထိုးမှုဆုံးရှုံးခဲ့ရတာနဲ့ စစ်ဘေးရှောင်ပြေးလွှားရင်း မသေရုံတမယ်ဖြစ်သလိုရှင်သန် နေထိုင်နေကြရတာတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေအဖြစ် စစ်ရှောင်ကလေးငယ်တွေဟာ ကြိုတင် ကာကွယ်နိုင်တဲ့ ရောဂါဝေဒနာတွေကို ခံစားလာကြရပါတယ်။

စစ်ကိုင်းတိုင်း ကနီနယ်ထဲမှာရှိနေတဲ့ ကြားကာလစဉ်ဆက်မပြတ် ပညာသင်ကြားရေး ကျောင်းတွေက  အသက် ငါးနှစ်ဝန်းကျင် ကလေးတွေမှာ ရေကျောက် တွေပေါက်နေကြပါတယ်။

မကွေးတိုင်း၊ယောနယ်ထဲက စစ်ရှောင်စခန်းတချို့မှာလည်း ကလေးငယ်တွေဟာ မကြာခဏ ဝမ်းပျက် ဝမ်းလျောမှုတွေ ဖြစ်နေပါတယ်။

ကရင်နီဒေသက စစ်ရှောင်စခန်းတွေမှာတော့ အရေပြားယားနာ ဖြစ်ပွားမှုတွေ မြင့်တက်လာနေတယ်လို့ ဒီးမော့ဆို ဒေသထဲမှာ စစ်ဘေးရှောင်တွေကို စာသင်ပေးနေတဲ့ ဆရာမ မြတ်သူက ဆိုပါတယ်။

ချင်းတောင်တန်းတွေပေါ်မှာတော့ အဟာရမပြည့်ဝတာကြောင့် သွေးအားနည်းတာ၊ ကြက်ညှာချောင်းဆိုး တာတွေ အဖြစ်များလာနေပါတယ်။

ဒါဟာ လတ်တလော ဆက်သွယ်မေးမြန်းအတည်ပြုနိုင်တဲ့ဒေသတချို့က အခြေအနေသာဖြစ်ပြီး လက်တွေ့မှာ ပဋိပက္ခတွေကြားက ကလေးငယ်အများစုဟာ အလားတူ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

DNA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ ဒါဟာ ကာကွယ် ဆေးအပြည့်အဝ ထိုးခွင့်မရခဲ့လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တယ်လို့ ပြောကြပါတယ်။

“ကာကွယ်ဆေးတွေက ကိုယ့်ဘာသာလည်း အပြင်မှာဝယ်ဖို့ခက်တယ်၊စစ်ကောင်စီက မြို့ပေါ်တွေမှာ ထိုးပေးတာတွေရှိပေမယ့် အရင်ထက်အများကြီးနည်းသွားတယ်။ အရင်ကရွာတွေအထိ လိုက်ထိုးပေးပေမယ့် အခုကျ မြို့ပေါ်တက်ထိုးတဲ့သူတွေကိုတောင် အပြည့်မထိုးပေးနိုင်ဘူး၊ဆေးမရှိတော့လို့ဆိုတာမျိုး ခဏခဏကြားနေရတယ် ” လို့ ချင်းပြည်နယ်က ဒေသတခုမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာ အငြိမ်းက ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ မြင့်တက်နေတဲ့ နေရာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီဖို့ဆိုတာဟာ မဖြစ်နိုင်ပါဘူး၊လက်နက်အားကိုးပြီး အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုတွေကို ဂရုမစိုက်ပဲ ဖောက်ဖျက်ချင်တိုင်း ဖောက်ဖျက်နေတဲ့ လူတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ ပိုပြီးတော့ မဖြစ်နိုင်ပါဘူး။

အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) က မြန်မာနိုင်ငံမှာ ကလေးငယ် ၅ ဒဿမ ၆ သန်းဟာ လူသားခြင်းစာနာထောက်ထားမှု အကူညီတွေလိုအပ်နေတယ်လို့ ဇန်နဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီကလေးငယ်တွေဟာ လက်နက်ကြီးတွေကြောင့် အသက်သေဆုံးမှု၊ ကိုယ်အဂ်ါချို့တဲ့မှု၊ ပညာရေး လက်လှမ်းမမီမှု၊ ကျန်းမာရေး စောင့်ရှောက်မှု မရရှိမှု၊ အစားအစာ ဝလင်စွာ မစားရမှုတွေနဲ့ ကာကွယ်ဆေးမထိုးနှံနိုင်မှုတွေအပါအဝင် အခွင့်အရေးအားလုံးကို ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။

UNICEFအဖွဲ့က ၂၀၂၂ ခုနှစ် ဇူလိုင်လမှာထုတ်ပြန်တဲ့အချက်အလက်တွေအရ ကိုဗစ်ကာလစကတည်းကနေ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်အထိ  မြန်မာနိုင်ငံတွင်းက ကလေးငယ် ၆၀ ရာခိုင်နူန်းဟာ မွေးကင်းစကနေ ၁ နှစ် ၆ လအထိ ရရှိရမယ့် ကာကွယ်ဆေးတွေ တစ်ကြိမ်မှ မထိုးနှံနိုင်ခဲ့ဘူးလို့ ဆိုထားပါတယ်။

ဒီအရေအတွက်ဟာ ကမ္ဘာမှာ ကလေးငယ်တွေ ကာကွယ်ဆေးမရရှိမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာစေပါတယ်။

ဒါဟာ အာဏာမသိမ်းခင်က ကောက်ယူရရှိထားတဲ့ စာရင်းသာဖြစ်ပြီး အာဏာသိမ်းပြီး ပြည်တွင်းစစ်တွေ ဖြစ်ပေါ်နေတဲ့ အခုချိန်မှာတော့ ကာကွယ်ဆေးမရရှိတဲ့ ကလေးငယ်တွေဟာ ၉၀ ရာခိုင်နူန်းအထိ တက်လာနိုင်တယ်လို့ DNA က ဆက်သွယ်မေးမြန်းခဲတဲ့ ကျန်းမာရေးဝန်ထမ်းတွေက သုံးသပ်ကြပါတယ်။

“ကာကွယ်ဆေးထိုးတယ်ဆိုတာဟာ ဒီရောဂါတွေဟာ အဖြစ်များနေပြီးတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အထိ ဖြစ်နိုင်တာကြောင့် ဒါတွေကို ကာကွယ်ဖို့ထိုးတာဖြစ်တယ်၊ဒီတော့ ကာကွယ်ဆေးမရရင် ဘာဖြစ်မလဲ အဲ့ဒီ‌ရောဂါတွေဖြစ်မယ်၊ကောင်းမွန်မှန်ကန်တဲ့ ကုသမှုတွေမရရင် အသက်ဆုံးရှုံးတဲ့အထိ ဆိုးနိုင်တယ်၊ ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ဟာ အရေးကြီးတာဖြစ်တယ် ” လို့ CDM သူနာပြုဆရာမ ဒေါ်ဝေဝေမိုး က ရှင်းပြပါတယ်။

အဲ့ဒီလိုသိထားတဲ့တိုင်အောင် သူကိုယ်တိုင်လည်း မီးဖွားထားတာခြောက်လဝန်းကျင်ရှိချိန်အထိ ကိုယ်ဝန် ဆောင်ကာလ ကာကွယ်ဆေးအပြင် မီးဖွားပြီးစ ကလေးငယ်တွေ ထိုးနှံရမယ့် ကာကွယ်ဆေးတွေ တခု မှ မထိုး နိုင်သေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကာကွယ်ဆေးတွေ ရရှိဖို့၊ NUG ထိန်းချုပ်နယ်မြေတွေမှာ ကာကွယ်ဆေးတွေထိုးနှံနိုင်ဖို့ စီမံဆောင်ရွက်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ဇန်နဝါရီလထဲမှာ RFA သတင်းဌာနကို ဖြေကြားထားပါတယ်။

အလားတူစစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကလည်း ကလေးငယ်တွေအတွက် ကာကွယ်ဆေးထိုးဖို့ အစီအစဉ်တွေကို ပြန်လည်စတင်သွားမယ်လို့ ၂၀၂၂ ခုနှစ် ဇူလိုင် လက မီဒီယာတွေကို ဖြေကြားထားပါတယ်။

ဒါပေမယ့် ဒေါ်ဝေဝေမိုး နေထိုင်ရာ ယောနယ်ထဲက ဘယ်လိုဆေးရုံ၊ ဆေးခန်းတွေမှာမှ ကာကွယ် ဆေးအပါ အဝင် ဆေးဝါးလိုအပ်ချက်တွေ များပြားနေတယ်လို့        ဆိုပါတယ်။

“ ကျွန်တော်တို့တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ဒီရေကျောက်ကို ဘယ်လိုကုသကြမလဲဆိုတာကို တိုင်ပင်ပြိး စလုပ်နေပြီပေါ့နော်၊ခက်တာက ဆေးဝါးမရှိတာ၊ရှိတာနဲ့ပဲဖြစ်အောင်ကုနေရတော့ အဆင်မပြေတာ ဘေးထွက်ဆိုးကျိုးရှိနိုင်မလား စိုးရိမ်ရတာတွေရှိနေတယ်၊အခုက ကလေးတွေကလည်း တစ်ကျောင်းလုံး ဖြစ် နေကြတာ ” လို့ ကနီမြို့နယ် သပိတ်တပ်ပေါင်းစု ဉီးဆောင်သူ ကိုပြည့်အောင်နိုင်ကဒေသတွင်း အခြေအနေကိုပြောပါတယ်။  

ရေကျောက်ကာကွယ်ဆေးဟာ အသက်တနှစ်ပြည့်ပြီးသူတိုင်း ထိုးနှံရမယ့် ကာကွယ်ဆေးထဲမှာ ပါဝင်ပါတယ်။ အများအားဖြင့် သက်သာပျောက်ကင်းလွယ်တဲ့ ရောဂါလို့ယူဆနိုင်ပေမယ့် အသက်အရွယ်နဲ့ ကျန်းမာရေး၊ အာဟာရ ရရှိမှုတွေအပေါ်မူတည်ပြီး အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ထိုနည်းတူပါပဲ နွေရာသီကို‌ရောက်လာတာနဲ့အမျှ အညာနဲ့ တောင်ပေါ်ဒေသတချို့မှာ ပူပြင်းမှု၊ ရေ ရရှိနိုင်မှု အခက်အခဲတွေကနေ ဝက်သက် အပါအဝင် အဖြစ်နည်းလာတဲ့ ဆုံဆို့နာ ရောဂါဖြစ်ပွားမှုကိုလည်း စိုးရိမ်နေရတယ်လို့ ဆရာမ မြတ်သူက သူ့စိုးရိမ်ပူပန်မှုကို ပြောပြပါတယ်။

NUG ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ကာကွယ်ဆေးမရရှိမှုကြောင့် ကာကွယ်နိုင်တဲ့ ရောဂါတွေ ကူးစက်မှုနူန်း ပြန်လည်မြင့်တက်လာနိုင်တယ်လို့ သတိပေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်လာနိုင်တဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ကာကွယ်ဆေးမရရှိမှုရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကလေးတွေဆီမှာ တွေ့လာနေရပါပြီ။ အသဲယောင် အသားဝါ (ဘီပိုး) လိုမျိုး ရောဂါမျိုးတွေလည်း ရှိလာနေနိုင်တယ်လို့ ဆရာမ မြတ်သူက ခန့်မှန်းသုံးသပ်ပါတယ်။

ဒေါက်တာ အငြိမ်း ကတော့ “ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ အလုပ်ချင်ဆုံးနဲ့ လုပ်ဖို့ အလိုအပ်ဆုံးကတော့ ကလေးတွေ ကာကွယ်ဆေးထိုးဖို့ပဲ။ တော်လှန်ရေးပြီးတဲ့အခါ ကာကွယ်ဆေးထိုးဖို့ကို အရင်ဆုံး လုပ်ဖို့လိုတယ်လို့ ယူဆပါတယ် ”လို့ပြောပါတယ်။


ဓာတ်ပုံ – Social Media