ဒလန်တွေအတွက် ခြိမ်းခြောက်စာ အကပ်ခံရပြီးနောက်ပိုင်း ဒေသခံတွေကို စစ်တပ်က ဖမ်းဆီးနှိပ်စက်နေ

Photo – CJ

ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ်မှာ စစ်တပ် သတင်းပေးတွေကို ခြိမ်းခြောက်စာကပ်တယ်လို့ စွတ်စွဲပြီး ဒေသခံရွာသား( ၁၀) ဦးကျော်ကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက DNA ပြောပါတယ် ။

“သူတို့ကိုဖမ်းထားတာ နှစ်ရက်ရှိနေပြီ ။ မြို့လယ်က သာသနာဗိမ္မာန် စစ်ကြောရေးစခန်း ရှေ့မှာ လက်ပြန်ကြိုးတုပ် အပြင်ထုတ်ပြီး ရိုက်နှက်နေတာ တွေ့ခဲ့တယ်” လို့လပွတ္တာမြို့ ခံတစ်ဦးကပြောသည်။

စက်တင်ဘာ (၁၈ )ရက်နေ့က စစ်ကောင်စီစစ် ဆေးရေးဂိတ်အနီး သဲကုန်းရွာထိပ်က ဗန်ဒါပင်မှာ “ဒီရွာက စစ်တပ်သတင်းပေးတွေ မိသားစုနဲ့ အသက်ခန္ဓာ အိုးစားမကွဲချင်ရင် သတိထား” လို့ရေးထားတဲ့ စာရွက်ကို ကပ်ထားတာ တွေ့ရပြီးနောက်ပိုင်းမှာ အခုလို ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေတာပါ ။

လပွတ္တာမြို့ အဝင်အထွက်မှာရှိတဲ့ စစ်ဆေးရေးဂိတ် အနီးက ကျောက်မှော်ကျေးရွာအုပ်စု ၊ သဲကုန်းကျေးရွာ ဒေသခံတွေကို စက်တင်ဘာ (၂၀) ရက်နေ့ကဖမ်းဆီးပြီး ပြန်မလွှတ်သေးပဲ စစ်တပ်တပ်စွဲထားတဲ့ လပွတ္တာ မြို့လယ်က သာသနာဗိမ္မာန်မှာ ဖမ်းထားပြီး နှိပ်စက်နေတာပါ။

စွတ်စွဲ ဖမ်းဆီးခံရထားတဲ့ သူ (၁၀) ဦး အနက် အသက်( ၆၀ )ကျော် အမျိုးသား နှစ်ဦးလည်းပါဝင်ပြီး အဖမ်း မခံရခင်ကတည်း ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် မိသားစု ဝင်တွေကစိုးရိမ်နေကြပါတယ်။

“စစ်ဆေးရေးဂိတ်က ကောင်တွေတောင် မသိလိုက် မမြင်လိုက်ရတဲ့ ကိစ္စကို ဒလန်တွေက ချောက်တွန်း လက်ညှိုးထိုးတဲ့ သူတိုင်းကို စစ်တပ်လိုက်ဖမ်း နေတယ် “လို့လည်း ဒေသခံတဦးက ပြောပါတယ် ။

အဲ့ဒီလို စာကပ်ပြီးနောက် ပိုင်း လပွတ္တာမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ မြို့အဝင် အထွက် ဂိတ်တွေမှာ လုံခြုံရး ပိုမိုတင်းကြပ်လာတဲ့အပြင် ဧည့်စာရင်း စစ်တာတွေလည်း နေ့စဥ်ရက်ဆက် လုပ်နေတယ်လို့ သိရပါတယ် ။