နယ်စပ်ဖြတ်ကျော် စစ်ဘေးရှောင်တွေကို နေရပ်ပြန်လို့ပါက လိုက်ပို့ပေးမယ်လို့ ထိုင်းတာဝန်ရှိသူတွေကြေညာ

၂၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

လေးကေကော်တိုက်ပွဲတွေကြောင့် သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံသာ စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်လိုသူရှိပါက ပြန်လည်လိုက်ပို့ပေးမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ဒီကနေ့ ဒီဇင်ဘာလ ၂၁ရက်နေ့ မနက်ပိုင်းမှာ ဒုက္ခသည်စခန်းတွေအတွင်း လိုက်လံကြေညာခဲ့ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်ခရိုင် မယ်တောင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် ၄၀၀၀ကျော်ခန့်ရှိနေပြီး နေရပ်လိုသူ စစ်ဘေးရှောင်တွေကို မယ့်ထော်သလေးအထိ လိုက်လံပို့ဆောင်ပေးမယ်လို့ ထိုင်းတာဝန်ရှိသူတွေက ကြေညာခဲ့တာပဲဖြစ်ပါတယ်။

“ဒီနေ့ တိုက်ပွဲလေး နည်းနည်းငြိမ်သွားတော့ ထိုင်းတာဝန်ရှိသူတွေက လိုက်ပြောတယ်၊ ပြန်ချင်သူတွေရှိရင် စားနပ်ရိက္ခာရော ထောက်ပံ့ကူညီပြီးတော့ မယ့်ထော်သလေးအထိကို ပြန်ပို့ပေးမယ်လို့၊ ပြန်ကြမဲ့သူတွေလည်း ရှိပါတယ်၊ ဒီဖက်မှာတော့ တော်တော်လေး အဆင်ပြေနေပြီမို့ ပြန်ချင်သူနည်းလိမ့်မယ်၊ ဒီမှာအခု ဝမ်းနဲ့ဆိုင်တာတွေ နည်းနည်းဖြစ်နေတယ်”လို့ မယ်တောင်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးခိုလှုံနေသူတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ လေးကေကော်ဒေသမှာ စစ်အင်အားတိုးချဲ့နေပြီး လေကြောင်းထောက်လှမ်းမှုတွေကိုပါ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။