အရေးပေါ်အခြေအနေအရ စစ်ဘေးသင့်၄၀၀၀ ဝန်းကျင်ကို ထိုင်းဘက် အားချင်းရွှေ့လိုက်ရ

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

သောင်ရင်းမြစ်ကမ်းဘေး၊ဖလူးလေးရွာ ဗိုလ်စလုံးစစ်ရှောင်စခန်းက စစ်ဘေးဒုက္ခသည်၄၀၀၀ လောက်ကို အကြမ်းဖက် စစ်တပ်ဝင်စီးနင်းမယ်ဆိုတဲ့သတင်းအရ ယမန်နေ့ညကထိုင်းဘက်ခြမ်းဆီ အရေးပေါ် ရွှေ့ပြောင်းလိုက်ရတယ် လို့ Delta News Agencyရဲ့ မြေပြင်ကင်းထောက်က သတင်းပေးပို့ပါတယ်။

‘စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်နဲ့လည်းနီးလာတယ်။ကန့်ထဲဝင်ဖမ်းမယ်ဆိုတဲ့သတင်းတွေလည်း ထွက်လာလို့ မနေ့ည၇နာရီကျော်လောက်က အားချင်းဟိုဘက်ကမ်းပို့ရတယ်’လို့သူကပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ပြန်လည်ရောက်ရှိလာသူတွေအနက် အမျိုးသားတွေကိုသာ ပြန်လည်လက်ခံသေးပြီး စစ် ဘေးဒုက္ခသည် ကလေးသူငယ်၊အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေကို ပြန်လက်မခံသေးဘူးလို့ သိရပါတယ်။

‘တာဝန်ရှိတဲ့လူတွေပြောတာက ၂ရက်၊၃ရက်အခြေအနေစောင့်ကြည့်ဦးမယ်၊အခြေအနေအေးဆေးဖြစ်မှ ပြန် လက်ခံမယ်’လို့ သူကပြောပါတယ်။

ထိုင်းတာဝန်ရှိသူတွေက ထိုင်းဘက်ရောက်လာတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ကောင်းမွန်စွာလက်ခံထား ပြီး တိုက်ပွဲတွေ ပြီးတဲ့အခါ မြန်မာဘက်ခြမ်းကိုပြန်ပို့မယ်လို့ ပြောထားပါတယ်။

‘အခုထိကတော့ အကြမ်းဖက်စစ်တပ်က အမြောက်တွေ လေကြောင်းပစ်ကူတွေနဲ့ ပစ်နေတော့ ဘယ်အချိန် တိုက်ပွဲငြိမ်မယ်ဆိုတာမပြောတတ်သေးဘူး’လို့ ထိုင်းဘက်ခြမ်းရောက်နေတဲ့ လေးကေ့ကော်ဒေသခံ စစ်ဘေးဒုက္ခသည်တစ်ဦးကပြောပါတယ်။