အကြမ်းဖက်စစ်အုပ်စုကိုပိတ်ဆို့ဒဏ်ခတ်တာတွေ တိုးမြှင့်ဖို့ RSF တောင်းဆို

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်ဖို့ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)ကတောင်းဆိုလိုက်ပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအရေး သတင်းယူနေတဲ့ တိုင်းရင်းသားသတင်းစာဆရာဖက်ဒရယ်ဂျာနယ်အယ်ဒီတာ၊ကဗျာဆရာအေစိုင်းကေဟာ မကြာသေးခင်တုန်းက အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်အတွင်း သေဆုံးခဲ့ရကြောင်း RSFက ယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။

ကဗျာဆရာအေစိုင်းကေဟာ ဒီဇင်ဘာ၂၅ရက်နေ့မှာ မြဝတီမြို့နယ်၊မယ်ဝါးခီးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်၊စစ်ရဟတ်ယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးကျည် ဝမ်းဗိုက်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။

အယ်ဒီတာ၊ကဗျာဆရာ အေစိုင်းကေအသက်ပေးခဲ့ရတာဟာ အချီးနှီးမဖြစ်သင့်ဘဲစစ်အုပ်စုရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ အဆုံးသတ်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေးဖို့ RSF ရဲ့ အာရှ၊ ပစိဖိတ်ရေးရာ တာဝန်ခံ Daniel Bastard ကတိုက်တွန်းခဲ့တာပါ။

သတင်းသမားတွေ ဖမ်းဆီးမှု ကမ္ဘာ့ဒုတိယအများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံထားရသူ မီဒီယာသမား ၅၇ ယောက်ထက်မနည်း ရှိတယ်လို့လည်း RSF ကပြောပါတယ်။