အဆိုးဝါးဆုံး အခြေအနေမှာ ဆက်ရှိနေတဲ့ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့် 


Photo – Reuters (ပုံဟောင်း – အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှုသတင်းရယူနေတဲ့သတင်းသမားတချို့ကိုရန်ကုန်မြို့မှာတွေ့ရစဥ်)

မတ် ၊ ၃

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အဆိုးဝါးဆုံး အခြေအနေမှာ ဆက်ရှိနေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့အစည်းတွေနဲ့ မြန်မာသတင်းသမားတွေက ပြောပါတယ်။ 

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့မှာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၁၈ဝ ရဲ့ သတင်းမီဒီယာလွတ်လပ်မှု အခြေအနေ ညွှန်းကိန်အရ မြန်မာနိုင်ငံဟာ အဆင့် ၁၇၁ မှာရှိပြီး အဆိုးဝါးဆုံးစာရင်းထဲ ဆက်ရှိနေပါတယ်။ 

မြန်မာနိုင်ငံရဲ့ အောက်မှာတော့ တရုတ်၊ ဗီယက်နမ်၊ အီရန်၊ မြောက်ကိုးရီးယား၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံ ရှိနေပါတယ်။ 

စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်မှာ RSF ရဲ့ ညွှန်းကိန်းအရ အဆင့် ၁၃၉ မှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းပြီး ၂၀၂၁ မှာ အဆင့် ၁၄၀ နဲ့ အဲနောက်ပိုင်းနှစ်တွေမှာတော့ အဆင့် ၁၇၀ ကျော်အထိ ရောက်ရှိလာတာပါ။ 

လက်ရှိ စစ်အာဏာသိမ်းထားတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေက မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အဓိက ပိတ်ပင်နေတာလို့ Burma News International(BNI) ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ထောက်ပြပါတယ်။ 

“သူတို့ရဲ့ လုပ်ဆောင်ချက် အမှားအယွင်းတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြနေတယ်၊ ရေးသားဖော်ပြတယ်ဆိုရင်တော့ သူတို့အနေနဲ့က ဆိုးဝါးဆုံး တုံ့ပြန်တာတွေကို ပြုလုပ်တတ်ကြတယ်ပေါ့လေ၊ အထူးသဖြင့် ဖမ်းဆီးတာ၊ ညှဥ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ ထောင် နှစ်ရှည်လများ ချထားတာပေါ့လေ၊ ဒီလိုပုံစံမျိုးနဲ့ သတင်းလွတ်လပ်ခွင့်ကို သူတို့အနေနဲ့ တားဆီးတယ်”လို့ ဒေါ်တင်ညိုက DNA ကို ပြောပါတယ်။ 

မဇ္ဈိမသတင်းဌာနရဲ့ စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းကလည်းအရပ်သားအစိုးရလက်ထက်မှာရရှိလာတဲ့တစိတ်တပိုင်းသတင်းစာလွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားတယ်လို့ ကောက်ချက်ချပါတယ်။ 

“သတင်းစာလွတ်လပ်ခွင့်အပင်လေးက အညှောင့်ထွက်နေကာစမှာကိုပဲ အမြစ်ကနေဆွဲနှုတ်သလိုဖြစ်တာပေါ့။ လွတ်လပ်တဲ့ သတင်းတိုက်တွေမနေနိုင်အောင်ဖိနှိပ်လိုက်တယ်၊သတင်းသမားတွေသတင်းအလုပ်လုပ်လို့မရအောင် စစ်ကောင်စီက ဖန်တီးလိုက်တယ်။ သူ့အလိုကျ ဗောင်းတော်ငြိမ့်၊ စိတ်တော်သိတဲ့ သတင်းတိုက်တွေ သတင်းသမားတွေ၊ အလံရှုးတွေက ဆက်လုပ်။ ပရော်ဖက်ရှင်နယ်သတင်းသမား အလုပ်လုပ်မယ်ဆို ထောင်နှုတ်ခမ်းနင်း လျို့ဝှက်လုပ်ရင်လုပ်။ လွတ်မြောက်ရာဒေသ အိမ်နီးချင်းနိုင်ငံတွေ တိမ်းရှောင်လုပ်ဆိုတာဖြစ်ကုန်တယ်”လို့ ဦးစိန်ဝင်းက DNA ကို ပြောပါတယ်။ 

ဒါ့အပြင် လွတ်လွတ်လပ်လပ်မေးလို့ရမယ့် သတင်းစာရှင်းလင်းပွဲတွေ မရှိတော့တာ၊ ဌာနဆိုင်ရာတွေက တာဝန်ခံပြီး သတင်းအချက်အလက်ထုတ်ပြန်မှုတွေမလုပ်ကြတော့တာတွေဟာလည်း သတင်းလွတ်လပ်ခွင့်ကို ကျဆင်းစေတယ်လို့လည်း သူကသုံးသပ်ပါတယ်။

“စစ်ကောင်စီက သူရဲ့ narrative(သူပြောချင်တာ) ကလွဲရင် တခြားဟာ မကြားချင်၊ မမြင်ချင်၊ လက်မခံနိုင်ဖြစ်တယ်။ သူ့အလိုကျမရေး မပြောရင် အဲဒါရန်သူဖြစ်သွားတယ်။ သတင်းတု၊သတင်းမှားတွေဖြန့်ချိတယ်၊ စစ်ကောင်စီဟာ ဒါကို အင်စတီကျူးရှင်းတခုအနေနဲ့ကိုလုပ်တယ်”လို့ ဦးစိန်ဝင်းက ပြောပါတယ်။ 

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့ စာရင်းတွေအရတော့ အမျိုးသမီး သတင်းထောက် ၉ ဦးအပါအဝင် စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ မြန်မာသတင်းထောက် ၅၇ ဦးအထိရှိပြီး တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ သတင်းထောက်တွေ ဖမ်းဆီးခံရမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျွန်မတို့ မကြားဖူးတဲ့ ထောင် နှစ်ရှည်ပေါ့နော်၊ တသက်တကျွန်း စသဖြင့် သတင်းသမားတွေကို အဲလိုချမှတ်တာကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းအမှောင်ချလိုတာကြောင့် လုပ်တာဖြစ်တယ်” လို့လည်း BNI ရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်တင်တင်ညိုက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကပဲ ရုပ်သံသတင်းထောက်ဟောင်းလည်းဖြစ်၊ မှတ်တမ်းရုပ်ရှင်ရိုက်ဒါရိုက်တာ တဦးလည်းဖြစ်သူ မရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ပါသေးတယ်။ 

အလားတူပဲ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ် လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ သတင်းထောက်လည်း ၅ ဦးထက်မနည်း ရှိပြီလို့ သတင်းတွေအရ သိရပါတယ်။ 

စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကစလို့ လွတ်လပ်တဲ့ သတင်းဌာနတချို့ကို လိုင်စင်ပိတ်သိမ်းတာတွေလည်း တောက်လျှောက်လုပ်လာခဲ့ပြီး အခုအချိန်ထိဆို ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၄ ခုရှိပြီလို့ Detained Journalists Information Myanmar ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

အဲဒီလို ထုတ်ဝေခွင့် လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းဌာနတွေကတော့ စစ်ကောင်စီရဲ့ ရန်ပြုမှုကနေ ရှောင်ရှားနိုင်ဖို့ ပြည်ပ ဒါမှမဟုတ် ပြည်တွင်းက တိုင်းရင်းသား လွတ်မြောက်နယ်မြေတွေမှာ အခြေစိုက်ပြီး သတင်းအလုပ်တွေ ဆက်လက်လုပ်ကိုင်နေကြရပါတယ်။ 

“သတင်းရယူပိုင်ခွင့်ဆိုတာတွေ၊ ဆင်ဆာပြုလုပ်တာမျိုးတွေထက် ပိုပြီးဆိုးဝါးတာက ကျနော်တို့ သတင်းသမားတွေ အားလုံးက ကိုယ့်အိမ်၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံမှာနေပြီးတော့ သတင်းသမားတယောက်အနေနဲ့ ရပ်တည်လို့မရတာလောက် ဆိုးဝါးတဲ့ဥစ္စာတော့ ရှိမှာမဟုတ်တော့ပါဘူး” လို့လည်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA) ဥက္ကဌ ဦးကျော်ကျော်မင်းက ပြောပါတယ်။ 

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတချို့ကလည်း သတင်းမီဒီယာသမားတွေအပေါ် ကန့်သတ်ချုပ်ခြယ်တာမျိုးရှိလာနေပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလထဲကပဲ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တို့က သတင်းထောက်တွေအနေနဲ့ သတင်းမရယူမီ တာဝန်ရှိသူတွေထံ ခွင့်ပြုချက်တောင်းခံကြဖို့အချက်အပါအဝင် သတင်းထောက်တွေ လိုက်နာရမယ့်အချက်တွေလို့ဆိုကာ ကြေညာချက်ထုတ်ပြန်ခဲ့ကြပါသေးတယ်။ 

IEC နဲ့ KNU တာဝန်ရှိသူတွေကတော့ အဲဒီကြေညာချက်တွေဟာ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ တော်လှန်ရေးကိုမထိခိုက်စေဖို့အတွက်ဖြစ်တယ်လို့ ဆိပေမယ့် သတင်းသမားတွေကတော့ အဲဒီကြေညာချက်တွေဟာ သတင်းမီဒီယာအပေါ် ကန့်သတ်ချုပ်ခြယ်တာရောက်တယ်လို့ တုံ့ပြန်ကြပါတယ်။ 

“စစ်ကောင်စီကတော့ သူ့သန္ဓေမို့လို့ သတင်းလွတ်လပ်ခွင့်ကိုအလေးမထား၊ ဂျာနယ်လစ်ကောင်းကို ရန်သူလိုသတ်မှတ်နေတာမျိုး တော်လှန်ရေးအင်အားစုတွေဘက်က မဖြစ်အောင်၊ မလုပ်မိသွားအောင် အလေးထားစဉ်းစားပေးကြပါလို့ပြောချင်ပါတယ်”လို့ ဦးစိန်ဝင်းက တိုက်တွန်းပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ဒုတိယအပတ်ထဲကပဲ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တခုက ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတယ်ဆိုတဲ့ သတင်းကို ရေးသားဖော်ပြရင် သတင်းဌာနတခုလုံးကို သတ်ဖြတ်မယ်လို့ The Tanintharyi Times သတင်းဌာနကို ငွေကြေးကောက်ခံတယ်လို့ စွပ်စွဲခံရတဲ့ အဲဒီတပ်ဖွဲ့တာဝန်ရှိသူတယောက်က ခြိမ်းခြောက်ခဲ့ပါသေးတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်နဲ့ စဥ်းစားဆင်ခြင်တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အရေးပါတာကြောင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပိတ်ပင်တဲ့ ဘယ်လုပ်ရပ်ကိုမဆို ဆန့်ကျင်တယ်လို့လည်း ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ဖြစ်တဲ့ ဒီကနေ့ မေလ ၃ ရက်နေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။ 

“အခုလို တရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်တွေမှာ သတင်းမီဒီယာက ပိုရေးကြီးပါတယ်၊ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ ပြည်သူတွေအနေနဲ့ ဘယ်ကိုတိုင်လို့တိုင်ရမယ်မှန်းမသိတဲ့အချိန်မှာ မီဒီယာတွေကနေတဆင့် ထုတ်ဖော်ပြောဆိုခွင့်ရတယ်” လို့ ထားဝယ်ခရိုင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။ 

ဒါပေမယ့် သတင်းမီဒီယာတွေအနေနဲ့ ဘယ်ဘက်ကိုမှ ဘက်လိုက်ရေးသားတာမျိုး မလုပ်ကြဖို့ ကိုမင်းလွင်ဦးက တိုက်တွန်းပါတယ်။ 

“စစ်အုပ်စုဘက်ကို ယိမ်းပြီးရေးတာတွေရှိသလို တော်လှန်ရေးဘက်ကို ယိမ်းပြီးရေးတာတွေလည်းတွေ့ရပါတယ်၊ ဒါတွေကတော့ သတင်းမီဒီယာလို့ပြောလို့မရဘဲ လော်ဘီအဆင့်ပဲရှိတယ်လို့မြင်တယ်၊ ဘယ်ဘက်ကိုမှ ဘက်လိုက်ရေးပေးစရာမလိုပါဘူး၊ ဘက်မလိုက်ဘဲ အမှန်တိုင်းရေးရင် တော်လှန်ရေးအတွက်ရော ပြည်သူတွေအတွက်ပါ အကျိုးရှိပါတယ်” လို့ သူကဆိုပါတယ်။ 

တဖက်မှာလည်း အခုလို သတင်းစာလွတ်လပ်ခွင့်တွေ ကျဆင်းနေမှုဟာ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ သတင်းမီဒီယာလောကထဲ ဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ အဟန့်အတားတွေဖြစ်လာတယ်လို့လည်း သုံးသပ်မှုတွေရှိပါတယ်။ 

“သတင်းစာဆရာအလုပ်ဟာ ထောင်နှုတ်ခမ်းနင်းရတဲ့အလုပ်၊ အန္တရာယ်များလှတယ်၊ ဒီတခုတည်းနဲ့ကို လူငယ် လူသစ်တွေထပ်မံဝင်ရောက်လာဖို့ အဟန့်အတားဖြစ်တာပေါ့။ မီဒီယာတွေရှင်သန်နိုင်ဖို့ ဝင်ငွေ၊ မီဒီယာစျေးကွက်ကပျက်စီးသွားတဲ့အခါ  အလုပ်အကိုင်ရှားပါးတာပါ ဆင့်ကဲလိုက်တော့ လက်ရှိနယ်ပယ်ကလုပ်နေသူတောင် မီဒီယာလောကကို စွန့်ခွာတာဖြစ်နိုင်ပါတယ်။ ဇကာစစ်လိုက်သလို အတော်လေးကို သတင်းစာအလုပ်ကို Commitment ကောင်းကောင်းနဲ့ ဒူပေဒူပေနဲ့ တောင့်ခံနိုင်တဲ့အနေအထားရှိသူနဲ့ တောင့်ခံနိိုင်သူပဲ ကျန်ရစ်မယ်။ အောက်လမ်းနည်းနဲ့ငွေရှာတဲ့ အတင်းအဖျင်း Yellow journalism တွေတော့ပွားလာနိုင်တယ်” လို့ ဦးစိန်ဝင်းက သုံးသပ်ပါတယ်။ 

စစ်အာဏာသိမ်းမှုအောက်မှာ အခုလို မြန်မာနိုင်ငံရဲ့ သတင်းစာလွတ်လပ်ခွင့် အဆုံးဝါးဆုံးရောက်ရှိလာနေတဲ့အချိန် သတင်းသမားတချို့က လုံခြုံရေးအရ ပြည်ပနဲ့ လွတ်မြောက်နယ်မြေတွေကို ထွက်ခွာသွားကြရတာတွေရှိပြီး တချို့သတင်းသမားတွေကတော့ ပြည်တွင်းမှာပဲ လျှို့ဝှက်လုပ်ကိုင်နေကြတာတွေလည်း ရှိပါတယ်။ 

“ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုတာကတော့ ကမ္ဘာတဝှမ်းက သတင်းသမားအားလုံး အသိမှတ်ပြုပြီး လုပ်နေတာပေါ့၊ ဒါပေမယ့် ကျနော်တို့ နိုင်ငံမှာက ဝမ်းနည်းစရာကောင်းတာက သတင်းလွတ်လပ်ခွင့်ဆိုတာ ဘာဆိုဘာမှ ရှိမနေတဲ့အခြေအနေပေါ့နော်၊ ဘာဆိုဘာမှ ရှိမနေတဲ့အခြေအနေမှာ ဒီလိုနေ့မျိုးကို ကျော်ဖြတ်ရတာက အင်မတန်တော့ စိတ်မကောင်းစရာပဲ၊ ကျနော်တို့ ကိုယ်တိုင်လည်း ဒီလိုနေ့မျိုးကို ကိုယ့်နိုင်ငံမှာ မဟုတ်ဘဲနဲ့ တခြားနိုင်ငံမှာ နေထိုင်ပြီးတော့ ဖြတ်သန်းနေရတယ်ပေါ့” လို့လည်း IMJA ဥက္ကဌ ဦးကျော်ကျော်မင်းက ပြောပါတယ်။