Spring Ranger တပ်ဖွဲ့က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအတွက် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ လှူဒါန်း

၂၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို နွေဦးရိန်းဂျား Spring Rangerအဖွဲ့က လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ကူညီလှူဒါန်းနေတယ်လို့ Spring Rangerအဖွဲ့ထံက သိရပါတယ်။

“ကျွန်တော်တို့်အဖွဲ့က UG အဖွဲ့တစ်ဖွဲ့လည်းဖြစ်သလို လက်ရှိလှုပ်ရှားနေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းပြီးလည်း ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေပါတယ်။ မထွက်ရသေးတဲ့အချိန်မှာ မြေပြင်က EAOs နဲ့ PDf ရဲဘော်တွေဆီ လက်နက်ခဲယမ်းတွေ၊ စားနပ်ရိက္ခာတွေ တတ်နိုင်သလောက် ကူညီထောက်ပံ့နေပါတယ်။ ဆက်လက်ထောက်ပံ့နိုင်ဖို့နဲ့ ကျွန်တော်တို့ကိုယ်တိုင် ပါဝင်တော်လှန်သွားဖို့အတွက် လက်နက်ခဲယမ်းတွေ အရေးတကြီးလိုအပ်နေပါတယ်။ အလှူရှင်တွေ လိုအပ်နေပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အဓိကလိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေရရှိအောင် ဝိုင်းဝန်းကူညီပြီး ထောက်ပံ့လှူဒါန်းပေးကြပါလို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်” လို့ Spring Ranger – နွေဦးရိန်းဂျား တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လေးကေ့ကော်တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကိုလည်း တတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့နေတယ်လို့ Spring Ranger – နွေဦးရိန်းဂျား တော်လှန်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။

Spring Ranger – နွေဦးရိန်းဂျား တော်လှန်ရေးတပ်ဖွဲ့ဟာ ရန်ကုန်အပါအဝင် နေရာအချို့မှာ UG လှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပြီး မဟာမိတ်အဖွဲ့တွေကိုလည်း လိုအပ်တာတွေ ကူညီထောက်ပံ့နေသလို တတ်နိုင်သလောက် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Spring Ranger အဖွဲ့ကို ထောက်ပံ့လှူဒါန်းလိုပါ Spring Ranger – နွေဦးရိန်းဂျား Facebook Page https://www.facebook.com/springrangermm/ မှ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Spring Ranger