ပြည်တွင်းစီးပွားရေးကပ်ဘေးဆိုးရွားလာနေတဲ့ သီရိလင်္ကာနိုင်ငံမှာ ဧပြီလ ၂၄ရက်နေ့က တက္ကသိုလ် ကျောင်းသားတွေ ထောင်ချီစုဝေးပြီး ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ဆာရဲ့ နေအိမ်ရှေ့မှာ ဆန္ဒပြကြကာ ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
လနဲ့ချီ လျှပ်စစ်မီးပြတ်တောက်တာ ၊ စံချိန်တင် ငွေကြေးဖောင်းပွတာ ၊ စားနပ်ရိက္ခာနဲ့ လောင်စာဆီပြတ်လတ်တာ စတဲ့ ပြဿနာတွေကြောင့် သီရိလင်္ကာပြည်သူတွေရဲ့ အစိုးရအပေါ် ဆန့်ကျင်မှုမြင့်တက်လာတာပါ။
သီရိလင်္ကာဟာ လွတ်လပ်ရေးရတဲ့ ၁၉၄၈ခုနှစ်ကတည်းက အဆိုးရွားဆုံး စီးပွားရေးကျဆင်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဧပြီလ ၂၄ရက်နေ့က တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲမှာ ကျောင်းသားခေါင်းဆောင်တွေဟာ ကိုလံဘိုမြို့က ဝန်ကြီးချုပ်အိမ်ရှေ့မှာ အတားအဆီးတွေကို ဖယ်ရှားဖို့ ကြိုးစားနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။
“လမ်းတွေကိုပဲ ပိတ်လို့ရမယ် ၊ အစိုးရတဖွဲ့လုံး အိမ်ပြန်တဲ့အထိ ကျနော်တို့ရဲ့ တိုက်ပွဲကို ရပ်တန့်လို့မရဘူး”လို့ ဆန္ဒပြကျောင်းသားတဦးက ပြောပါတယ်။
နှစ်ပတ်ကျော်ကြာတဲ့အထိ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ သမ္မတ ဂိုတာဘရာ ရာဂျာပက်ခ်ဆာရဲ့ ရုံးအဆောက်အအုံ အပြင်မှာ စခန်းချ နေ့စဉ်ဆန္ဒပြနေကြပြီး ဝန်ကြီးချုပ်နဲ့ သူ့ရဲ့အကိုဖြစ်သူကို ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။