ရန်ကုန်မှာ “ငါတို့ ဘယ်တော့မှမကြောက်ဘူး” စာသားကိုင်ဆောင်ချီတက်

Photo – YRF
နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို စစ်အုပ်စုက ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ကြေညာပြီး ဒီနေ့ဇူလိုင်လ ၂၅ရက် ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်လူငယ်တွေမှ “ငါတို့ ဘယ်တော့မှ မကြောက်ဘူး” စာသားကိုင်ဆွဲပြီး အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားချီတက် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။
မြို့ပြမှာ အခက်အခဲတွေနဲ့တော်လှန်နေထိုင်နေရတဲ့လူငယ်တွေက လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ကြားက​ အခုလို ချီတက်သပိတ်မှောက်ခဲ့ကြတာပါ။
အကြမ်းဖက်စစ်အုပ်စုက မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေကြသူတွေကိုနည်းလမ်းမျိုးစုံနဲ့ ရှာဖွေဖမ်းဆီးမှုတွေ အကြမ်းဖက်မှုတွေ လူအခွင့်ရေးချိုးဖောက်မှုတွေကို နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်နေပေမယ့် လူငယ်တွေက မကြောက် ၊ ရဲရင့်တဲ့ စိတ်တို့နဲ့ ရန်ကုန်နဲ့အတူ ဆက်လက်​တော်လှန် ပုန်ကန်နေကြတယ်လို့ ဆိုပါတယ်။
အဆိုပါ သပိတ်စစ်ကြောင်းကို Yangon Revolution Force – YRF (Soft Strike Community)က ဦးဆောင်ပြီး ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ(YRSC)၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ် ကော်မတီ(PBYSC)၊အခြေခံပညာကျောင်းသားများရေးရာအဖွဲ့ (အကရ) ၊ Yankin Protestsနဲ့ လူငယ်တွေက ချီတက်သပိတ်မှောက်ခဲ့ကြတာပါ။