တရားဥပဒေမဲ့ ရန်ကုန်လမ်းမများ

ရန်ကုန်မြို့က ယာဥ်တိုက်မှုတွေမှာ တရားခံ ဖမ်းမမိတဲ့ဖြစ်စဥ်တွေ များလာနေပါပြီ။

စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ပြည်သူ့လုံခြုံရေးကို ကာကွယ်ပေးရမယ့် စစ်သားနဲ့ရဲတွေကိုယ်တိုင် ရာဇဝတ်မှုကျူးလွန်နေပြီး တနိုင်ငံလုံးမှာလည်း တရားဥပဒေစိုးမိုးရေး မရှိသလောက်ယိုယွင်းလာနေတာပါ။

ဒီလို ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်နစ်နာသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို DNA ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ သူတို့ရဲ့နှစ်နာမှုတွေအတွက် ဥပဒေအရ အကာအကွယ်ပေးမခံရပဲ အခုချိန်ထိ တရားမျှတမှု မရရှိသေးတာကို တွေ့ရပါတယ် ။

ဖေဖော်ဝါရီ၁၆ ရက် ည ၉နာရီခွဲလောက်က တောင်ဒဂုံနဲ့ မြောက်ဒဂုံအကြား အမှတ်(၂)လမ်းမကြီး ၊ငမိုးရိပ်တံတားပေါ်မှာ မိသားစုသုံးယောက် စီးလာတဲ့ ဆိုင်ကယ်ကို အိမ်စီးကားတစ်စီးက တိုက်မိပြီး ထွက်ပြေးသွားခဲ့ပါတယ်။ 

ဒီဖြစ်စဥ်မှာ မိခင်နဲ့ ဖခင်ဖြစ်သူတို့ ယာဥ်တိုက်မှုကြောင့် သေဆုံးသွားခဲ့ရလို့ တစ်နှစ်ခွဲအရွယ်ကလေးငယ်ဟာ မိဘမဲ့အဖြစ် ကျန်ခဲ့ရပြီး တရားခံကိုတော့ အခုချိန်ထိ ရှာမတွေ့သေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အလားတူ မတ် ၃၁ရက် ညပိုင်းကလည်း သုဝဏ္ဏကုန်းကျော်တံတားပေါ်မှာ မော်တာစက်ဘီး စီးလာတဲ့ လူငယ်တစ်ဦးကို အိမ်စီးကားတစ်စီးက တိုက်ပြီး ထွက်ပြေးသွားကာ တိုက်ခံရတဲ့ လူငယ် သေဆုံးခဲ့ပါတယ်။

အဲဒီကားဟာ စက်ဘီးကို မတိုက်မိခင် လမ်းတစ်လျှောက်မှာရှိတဲ့ ကမ္ဘောဇဘဏ်ရှေ့က အတားအဆီးတွေကိုလည်း တိုက်သွားခဲ့သေးပါတယ်။ ဘဏ်ရဲ့ CCTV မှတ်တမ်းအရ တိုက်တဲ့ကားကို  တွေ့ခဲ့ရပေမယ့် အာဏာရှိအသိုင်းအဝိုင်းက လူကြီးသားသမီး ဖြစ်တာကြောင့် နှုတ်ဆိတ်နေခဲ့ကြတယ်လို့ အတိုက်ခံခဲ့ရတဲ့ သေဆုံးလူငယ်ရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“တိုက်တာက လူကြီး သားသမီးဗျ။ ကောင်လေးကို မတိုက်ခင် KBZ ရှေ့က ဟာတွေကို တိုက်ချသွားသေးတယ်။ စီစီတီဗီမှာ တွေ့တယ်။ ဒါပေမယ့် ဘယ်သူမှ အသံမထွက်ကြဘူး” လို့ သူကပြောပါတယ်။

ဧပြီ ၁၆ရက်မှာလည်း ပန်းဆိုးတန်းကုန်းကျော်တံတအောက် လမ်းလျှောက်နေတဲ့ လူငယ်တစ်ဦးကို ဟိုက်ဂျက် တစ်စီးက တိုက်ပြေးသွားပြီး လူငယ်ကတော့ နေရာမှာတင် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီဖြစ်စဥ်မှာလည်း တိုက်သွားတဲ့ တရားခံကို အခုချိန်ထိ ရှာမတွေ့သေးပါဘူး။

အလားတူ ဧပြီ ၁၂ရက် ည ၇နာရီလောက်ကလည်း Food Panda Rider လူငယ်တစ်ယောက် သင်္ဃန်းကျွန်းမြို့နယ် ဇဝန မှတ်တိုက်အနီး ကားတိုက်ခံခဲ့ရလို့ နောက်တစ်ရက်မှာ သေဆုံးခဲ့ရပေမယ့် တရားခံကို  မမိသေးဘူးလလို့ သိရပါတယ်။

” ၁၂ရက်နေ့က ကျွန်တော်တို့ဆီက Rider ကောင်လေး ဇဝနမှာ ကားတိုက်ခံရလို့ ဆုံးသွားတယ်။ တိုက်သွားတဲ့သူကို ခုထိ မမိသေးပါဘူး” လို့ Food Panda Rider တစ်ဦးက ပြောပါတယ်။ 

မနေ့က ဧပြီ ၂၃ရက်မှာ မြောက်ဒဂုံ မဝတလမ်းဆုံမှာ Food Panda Rider တစ်ဦး ကားတိုက်ခံရလို့ ခြေထောက် နှစ်ချောင်းကျိုးသွားခဲ့ရပြီး တိုက်သွားတဲ့ တရားခံကို ဖမ်းမမိခဲ့ဘူးလို့ သိရပါတယ်။ ဒီဖြစ်စဥ်တွေ အပြင် မနှစ်ကလည်း ယာဥ်တိုက်မှုတွေ ကြောင့် လူသေဆုံးခဲ့ရတယ် ဖြစ်စဥ်တွေ အများအပြား ရှိခဲ့ပြီး ဖြစ်စဥ်အားလုံးနီးပါးမှာ တရားခံ ဖမ်းမမိခဲ့ဘူးလို့ ဆိုပါတယ်။

“မနှစ်ကလည်း အင်းစိန်မှာ Rider ကောင်လေး တစ်ယောက် ကားနဲ့ချိတ်မိပြီး နောက်ဘီးက ခေါင်းကို ကြိတ်မိပြီး ဆုံးတယ်။ ဒါပေမယ့် အခုထိ တရားခံ ရှာမတွေ့ဘူး။ သူတို့က ညီအစ်ကို နှစ်ယောက်ပဲရှိတာ အစ်ကိုဖြစ်သူဆို စိတ်နာပြီး နယ်အပြီး ပြန်သွားရော” လို့ Food Panda Rider တစ်ဦးက အတည်ပြုပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာလည်း ယာဉ်နံပါတ်အတိအကျနဲ့ မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေကအစ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးပေးတာတွေ မလုပ်ဆောင်ခဲ့ဘဲ ငွေကြေးတောင်းခံဖို့ကိုသာ လုပ်ဆောင်တယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ဆိုပါတယ်။

“လနည်းနည်းကြာပြီ သံသုမာပွိုင့်မှာ ကျွန်တော်က မီးစိမ်းနေလို့ မောင်းထွက်တာ တစ်ဖက်က မီးနီဖြတ်ပြီး ကျွန်တော့်ကိုတိုက်ချတယ် ကားရဲ့ ဘလက်ဘောက်မှာ အကုန်မှတ်တမ်းကျန်တယ်၊ ကားက ဆက်မောင်းမရတော့ ရဲကလာခေါ်သွားပြီး အမှုဖွင့်ဆိုလို့ ဖွင့်လိုက်ရတယ် ကားဆွဲခတောင် ပေးလိုက်ရသေးတယ်၊ တိုက်သွားတဲ့ ကားကို ဖမ်းပေးပါဆိုပြီး ဘလက်ဘောက်က မှတ်တမ်းတွေပြတာကို ဘာမှလုပ်မပေးဘဲထားလို့ ကျွန်တော့်အသိတွေကို အကူညီတောင်းပြီး Facebookပေါ်တင်မှ တိုက်သွားတဲ့ကောင်က လာဆက်သွယ်ပြီး လျော်ကြေးလာပေးတယ် လာပေးတော့ အမှုပိတ်ရမယ်ဆိုမှ ရဲက ဘာမှ လုပ်မပေးဘဲ ပိုက်ဆံထတောင်းရော၊ အဲ့ကောင်တွေက သူတို့အလုပ်ကိုသူတို့ မလုပ်ဘဲ ပိုက်ဆံပဲတောင်းနေကြတယ်”လို့ Taxi ယာဉ်မောင်းတစ်ဦးကပြောပါတယ်။

 ရန်ကုန်မြို့မှာ စစ်အုပ်စုရဲ့ ယာဥ်ထိန်းရဲတွေဟာ လူကြီး လမ်းကြောင်းရှိချိန်တွေက လွဲပြီး လမ်းတွေပေါ်မှာ မမြင်တွေ့ရသလို ရဲတွေဟာလည်း စစ်အုပ်စုကို တော်လှန်နေသူတွေကိုသာ ဖမ်းဖို့အတွက် လုပ်နေကြလို့ ယာဥ်တိုက်မှုတွေ၊ ခိုးဆိုးလုနှိုက် ကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းတာမျိုး မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

” ပိုက်ဆံပေးရင်တော့ လိုက်လုပ်ပေးကြတယ်ပေါ့။ မပေးရင်တော့ ဒီကောင်တွေက လူသေလည်း စိတ်မဝင်စားဘူး။ သူတို့ သိတာ တော်လှန်ရေးအင်အားစုတွေကို ဖမ်းဖို့လောက် သိတာ” လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိတာကြောင့် အခုလိုယာဥ်တိုက်မှု ဖြစ်စဥ်တွေမှာ တရားခံ မမိတာကြောင့် နစ်နာသူတွေအတွက်တော့ တရားမျှတမှု အလှမ်းဝေးနေဆဲဖြစ်ပါတယ်။